လာအို ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်

လာအို ပထမဆုံးကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်

ဗီယန်ကျန်း၊ နိုဝင်ဘာ-၂၃ ။              ။ လာအိုနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးဂြိုဟ်တု Lao Sat-1ကို နိုင်ဝင်ဘာ ၂၁ရက်နေ့က ဒေသစံတော်ချိန် ၀၀:o၇ နာရီတွင် ဆီချွန်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးဌာနမှ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့သည်။

Lao Sat-1ဂြိုဟ်တုမှာ အမြင့်တွင် ဒုံးပျံမှ အောင်မြင်စွာ ခွဲထွက်သွားခဲ့ပြီး ပျံတက်အပြီးတွင် ၎င်း၏ ဆိုလာပြားများကို ဖြန့်ကျက်လိုက်သည်ဟု ဆိုသည်။

ထိုဂြိုဟ်တုကို ကန်ဒေါ်လာ ၂၅၉သန်း ကုန်ကျသည့် စီမံကိန်းဖြင့် တရုတ်က ဒီဇိုင်းထုတ် တည်ဆောက်ကာ ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သိပ္ပံပညာရှင်များ၏ ပြောကြားချက်အရ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံအနက် တစ်ဝက်လျော့လျော့ခန့်မှာ ယခုအချိန်အထိ ကိုယ်ပိုင်ဂြိုဟ်တု မရှိကြသေးဟု ဆိုသည်။

အဆိုပါ ဂြိုဟ်တုလွှတ်တင်ပွဲအခမ်းအနားသို့ လာအိုဒီမိုကရတ်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ ဘွန်ဟမ်း ဗိုရာချစ်နှင့် ဝန်ကြီးများ၊ လာအိုနှင့် တရုတ်နိုင်ငံတို့မှ အကြီးတန်း အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။  

ဘွန်ဟမ်းက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်သည့်အတွက် လာအိုနိုင်ငံအနေဖြင့် ဂုဏ်ယူကြောင်း၊ လာအိုသမိုင်းတွင် မှတ်တိုင်တစ်ခုဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂြိုဟ်တုလွှတ်တင်မှုက လာအိုနှင့် တရုတ်ကြား ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် အကျိုးတူဖက်ဖြစ်မှုကို ထည့်ဝင်မြှင့်တင်လိမ့်မည်ဖြစ်ကြောင်းလည်း ဘွန်ဟမ်းက ပြောကြားခဲ့သည်။

ဂြိုဟ်တုကို အစိုးရအလုပ်အတွက် ဆက်သွယ်ရေးချိတ်ဆက်များ ထူထောင်နိုင်အောင်နှင့် လာအိုနိုင်ငံတွင် ရုပ်သံ ထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးအသုံးများကို တွင်တွင်ကျယ်ကျယ် သုံးလာနိုင်စေရန် ရည်ရွယ်ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအပါအဝင် အခြားရည်ရွယ်ချက်များအတွက်လည်း ဂြိုဟ်တုကို အသုံးပြုနိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly