ဝီဂါများကို တရုတ်က လူမျိုးတုံး သတ်ဖြတ်ဟု အမေရိကန် စွပ်စွဲ

ဝီဂါများကို တရုတ်က လူမျိုးတုံး သတ်ဖြတ်ဟု အမေရိကန် စွပ်စွဲ

ဇန်နဝါရီ ၂၀

ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင် ရာထူးလက်မခံမီ တစ်ရက်အလို၌ အမေရိကန်၏ တရုတ်အပေါ် ထိုးနှက်လိုက်ချက်အဖြစ် ရှင်ကျန်းပြည်နယ်တွင် တရုတ်သည် ဝီဂါမွတ်စလင်များအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားချင်းစာနာထောက်ထားရေးကို ဆန့်ကျင်သော ပြစ်မှုများ ကျူးလွန်နေသည်ဟု ထရမ့်အစိုးရက ဆုံးဖြတ်ချက်ချကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုက အင်္ဂါနေ့တွင် ပြောသည်။

ရထားသော အချက်အလက်များအပေါ် သေချာဂရုတစိုက် စိစစ်ပြီးမှ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခြင်းဖြစ်ကြောင်း ပွန်ပဲယိုက ပြောကာ တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါနှင့် အခြား လူနည်းစု မွတ်စလင်များအပေါ် ပစ်မှတ်ထားပြီး ၂၀၁၇ မတ်လကတည်းက လူသားချင်းစာနာထောက်ထားရေးကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။ ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှစ်နိုင်ငံကြား၌ တင်းမာသော ဆက်ဆံရေး ရှိထားသည့်ကြားမှပင် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

“ဒီ လူမျိုးတုံးသတ်ဖြတ်မှုက ဖြစ်နေတယ်လို့ ကျွန်တော် ယုံတယ်။ တရုတ်ဟာ ဝီဂါတွေကို ဖျက်ဆီးပစ်ဖို့ စနစ်တကျ လုပ်ဆောင်နေတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရတယ်။”ဟု ပွန်ပဲယိုက ထုတ်ပြန်ချက်တွင် ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးအတွက် ပညာပေးရေးစင်တာများဟု ပြောထားသော ရှင်ကျန်းပြည်နယ်က စခန်းများနှင့် ပတ်သက်ကာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။ ၎င်းကမူ နိုင်ထက်စီးနင်းအလွဲသုံးမှုများ မရှိကြောင်း ငြင်းဆန်သည်။

တရုတ်သည် လူသားချင်းစာနာထောက်ထားရေး ပြစ်မှုများ သို့မဟုတ် လူမျိုးတုံး သတ်ဖြတ်မှုများ ကျူးလွန်မလွန်ကို အမေရိကန်အစိုးရက ရက် ၉၀ အတွင်း ဆုံးဖြတ်ရန် လိုအပ်သည့် ဥပဒေတစ်ရပ်ကို ဒီဇင်ဘာ ၂၇ ရက်တွင် လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် ပြင်းထန်သည့် ဆွေးနွေးမှုများအပြီး ယခုကဲ့သို့ အမေရိကန်က ရှားရှားပါးပါး ဆုံးဖြတ်ချက် ချလိုက်ခြင်းပဲ ဖြစ်သည်။

တရုတ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသော ယခု ကြေညာချက်ကို သဘောတူသည်ဟု ဂျိုးဘိုင်ဒင် နာမည်စာရင်း တင်သွင်းထားသော နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်က ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာမှု၌ ပြောခဲ့သည်။

ရှင်ကျန်းပြည်နယ်မှ အတင်းအကျပ်စေခိုင်းမှုဖြင့် မည်သည့် ထုတ်ကုန်မျိုးကိုမဆို အမေရိကန်က မတင်သွင်းသင့်ကြောင်း ၎င်းက ပြောပြီး “တရုတ်အနေနဲ့ နောက်ထပ် ဖိနှိပ်မှုတွေ လုပ်ဆောင်ရာမှာ အသုံးချလာနိုင်တဲ့ နည်းပညာနဲ့ ကိရိယာတွေကိုလည်း မတင်ပို့ဘူးဆိုတာ ကျွန်တော်တို့အနေနဲ့ ကျိန်းသေနေဖို့ လိုအပ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly