မွတ်စလင်ဒုက္ခသည်များ ပြန်လက်ခံရေး အမြန် အကောင်အထည်ဖော်ရန် သုံးပွင့်ဆိုင် ဆွေးနွေး 

မွတ်စလင်ဒုက္ခသည်များ ပြန်လက်ခံရေး အမြန် အကောင်အထည်ဖော်ရန် သုံးပွင့်ဆိုင် ဆွေးနွေး 
ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန/Facebook

ဇန်နဝါရီ ၂၀၊ ၂၀၂၁ 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည် ပို့ဆောင်ရေးနှင့် လက်ခံရေး လုပ်ငန်းစဉ် အောင်မြင်စေရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များ ဆောလျင်စွာ အကောင်အထည် ဖော်ရေး ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ ဝန်ကြီး ဦးဟောက်ဒိုဆွမ်း၊ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာ လောက် ကျောက်ဟွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မာဆွတ် ဘင် မိုမင်တို့ ဇန်နဝါရီလ ၁၉ ရက်နေ့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ဆွေးနွေးပွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး ရောက်ရှိနေသူများ ပြန်လည် နေရာချထားရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအနက် ဟိန္ဒူဘာသာဝင်များ အပါအဝင် စိစစ်ပြီးသူများအား ပြန်လည်ပို့ဆောင်ရေးနှင့် လက်ခံရေးစသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

နေရပ်စွန့်ခွာသွားသူများ ပြန်လည်ပို့ဆောင်ရေးနှင့် လက်ခံရေး ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များ နှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု ဒုတိယ ဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောခဲ့ကြောင်း သိရသည်။  

မြန်မာနိုင်ငံက နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး သဘောတူညီချက် များပါအတိုင်း အကောင်အထည်ဖော်နေပြီး ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်အနီး ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများကို ပြန်လည် နေရာချထားရာတွင် ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ပြန်လည် ဝင်ရောက်လာသူများသည် မိမိ သဘောဆန္ဒအလျောက် ပြန်လိုသူဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများကို လိုက်နာမည်ဖြစ်ကြောင်း နှစ်ဖက်သဘောတူညီထားသည့် သတ်မှတ်ပုံစံတွင် လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်းလည်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆန္ဒအလျောက် နေရပ်ပြန်လို သည့် နေရပ်စွန့်ခွာသူများအား ခြိမ်းခြောက် တားဆီးလျက်ရှိသည့် အကြမ်းဖက် အဖွဲ့အစည်း များကို ဖော်ထုတ်၍ တားဆီးပေးရန် တိုက်တွန်းကြောင်းနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက ကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်းလည်း ဒု ဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောသည်။ 

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်ဖက်အစည်းအဝေးများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly