သြစတြေးလျအိုးပင်း ပြိုင်ပွဲဝင်မယ့် တင်းနစ်ကစားသမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

သြစတြေးလျအိုးပင်း ပြိုင်ပွဲဝင်မယ့် တင်းနစ်ကစားသမား ၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
Photo - AFP

ဇန်နဝါရီ ၂၀

သြစတြေးလျအိုးပင်း ပြိုင်ပွဲဝင် တင်းနစ်ကစားသမား နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ ဒါကတော့ သတိနဲ့ စောင့်ကြည့်နေတဲ့ ပြည်သူတွေရဲ့ တုံ့ပြန်‌‌‌မှုကို ရင်ဆိုင်နေရတဲ့ ပြိုင်ပွဲအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဘယ်သူဘယ်ဝါ အမည်မဖော်ပြခဲ့တဲ့ တင်းနစ်ကစားသမားနှစ်ဦးဟာ အသစ်တွေ့ရှိတဲ့ ကူးစက်ခံရသူသုံးဦးထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အဆိုပါ အသစ်တွေ့ရှိတဲ့ ကူးစက်ခံရသူသုံးဦးဟာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားနှစ်ဦးတို့ ဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် ယခုအခါမှာ အဆိုပါ သြစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ ဆက်နွယ်တဲ့ အစုအ‌ဝေးပုံစံ ကူးစက်သူအရေအတွက်ဟာ ခုနစ်ဦးအထိ ရှိလာခဲ့ပြီလို့ ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ကစားသမားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၁,၀၀၀ ကျော်တို့ဟာ ပြီးခဲ့တဲ့အပတ်က သြစတြေးလျကို ရောက်ရှိပြီးနောက် ကွာရန်တင်း ဝင်နေကြရပါတယ်။ စင်းလုံးငှား လေယာဉ် ခရီးစဉ် ၁၇ ခုအနက် သုံးခုမှာ ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွေ တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။

အချိန်ရွှေ့ဆိုင်းထားခဲ့တဲ့ ဂရန်းဆလင်း ပြိုင်ပွဲဟာ ယခုအခါမှာ သြစတြေးလျ ပြည်သူတွေအကြားမှာပါ စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်ထားစေခဲ့ပြီး အထူးသဖြင့်တော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မဲလ်ဘုန်းမြို့ဟာ အောက်တိုဘာလမှာ လေးလကြာ လော့ခ်ဒေါင်းတစ်ခုကနေ ထွက်ပေါ်ထားခဲ့တာ ဖြစ်ပါတယ်။

ကွာရန်တင်းနဲ့ပတ်သက်လို့ ကစားသမားတွေရဲ့ စောဒကတက်မှုတွေကလည်း အမျက်ဒေါသထွက်မှုတွေကို ထပ်တိုး ဖြစ်ပေါ်ထားစေခဲ့ပါတယ်။ ကစားသမားတွေအတွက် ကွာရန်တင်း ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တဲ့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ကမ္ဘာ့အဆင့် ၄၇ သြစတြေးလျ တင်းနစ်ကစားသမား နစ်ခ် ကိုင်ဂျီရော့စ်က ‌ဝေဖန်ခဲ့ပါတယ်။

အလားတူ ကမ္ဘာ့အဆင့် ၁၃ တင်းနစ်ကစားသမား ရောဘတ်တို ဘော်တစ်စတာ အေဂက်ကလည်း ကွာရန်တင်းဝင်ရမှုဟာ ဝိုင်ဖိုင်ပါတဲ့ အကျဉ်းထောင်တစ်ခုလိုမျိုး ဖြစ်နေကြောင်းနဲ့ စီစဉ်ထားပေးမှုတွေဟာ “လုံးဝ ဆိုးဝါးတယ်” လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ကစားသမားအများစုကတော့ သီးခြားခွဲနေရမှုကို စောဒကမတက်ဘဲ သဘောတူလက်ခံထားခဲ့ကြတယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက အခိုင်အမာ ပြောခဲ့ပါတယ်။

“ဒီလို ရက်တွေမှာ တင်းနစ်ကစားသမားတစ်‌ယောက်ဖြစ်ရတာက တကယ့်ကို စိတ်ကသိကအောက် ဖြစ်စရာပါ” လို့ သြစတြေးလျ တင်းနစ်မယ် အရီနာ ရိုဒီယိုနိုဗာက ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ သြစတြေးလျအိုးပင်းမှာ နှစ်ကြိမ်အနိုင်ရခဲ့တဲ့ တင်းနစ်မယ် ဗစ်တိုးရီးယား အေဇာရန်ကာက သူမရဲ့ ပြိုင်ဘက်ကစားသမားတွေကို “ဒေသခံပြည်သူတွေအတွက် နားလည်စာနာမှုရှိစွာနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့” တိုက်တွန်းသွားခဲ့ပါတယ်။

စင်းလုံးငှားလေယာဉ်ခရီးစဉ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွေ တွေ့ခဲ့ပြီးနောက် အနည်းဆုံး တင်းနစ်ကစားသမား ၇၂ ဦးကို နှစ်ပတ်ကြာ ၎င်းတို့တွေရဲ့ အခန်းတွေကနေ အပြင်ထွက်မှုကို ပိတ်ပင်တားမြစ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly