သမ္မတကျမ်းကျိန်ပွဲအတွက် ဂျိုးဘိုင်ဒင် ဝါရှင်တန်သို့ ရောက်ရှိ

သမ္မတကျမ်းကျိန်ပွဲအတွက် ဂျိုးဘိုင်ဒင် ဝါရှင်တန်သို့ ရောက်ရှိ
Photo - AFP

ဇန်နဝါရီ ၂၀

အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ဂျိုးဘိုင်ဒင်ဟာ ဒယ်လာဝဲပြည်နယ်ကနေ ထွက်ခွာလာခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ ကျင်းပမယ့် ကျမ်းကျိန်ပွဲအခမ်းအနား မတိုင်မီ တစ်ရက်အလိုမှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဇနီး ဂျီလ်ဘိုင်ဒင်တို့ဟာ ဒယ်လာဝဲပြည်နယ် နယူးကာဆယ် လေဆိပ်ကနေ ဝါရှင်တန်ကို လေယာဉ်နဲ့ ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

ဘိုင်ဒင်ဟာ ဝါရှင်တန်ကို ရောက်လာခဲ့ပြီးနောက် နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူပေါင်း လေးသိန်းအတွက် အောက်မေ့သတိယ ဂုဏ်ပြုတဲ့အခမ်းအနားတစ်ခုမှာ တက်ရောက်ခဲ့ပါသေးတယ်။

“ဒီသေဆုံးသွားသူတွေကို အောက်မေ့ သတိယစိတ်ဖြစ်မှုက တစ်ခါတစ်ရံမှာ စိတ်ထိခိုက်စရာကောင်းပါတယ်၊ ဒါကို ကျွန်တော်တို့ ကုစားသွားရမှာပါ၊ ဒါကို နိုင်ငံတစ်နိုင်ငံအနေနဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်” လို့ ဘိုင်ဒင်က လင်ကွန်းအထိမ်းအမှတ်အဆောက်အအုံရှေ့ အခမ်းအနားမှာ ပြောဆိုသွားခဲ့ပါတယ်။

သမ္မတကျမ်းကျိန်ပွဲ အကြိုရက်မျိုးက ပုံမှန်အားဖြင့်ဆိုရင် မြို့တော်မှာ လူအများအပြား စု‌ဝေးစည်းကားလေ့ ရှိတဲ့ အချိန်မျိုး ဖြစ်ပေမယ့် ယခုအချိန်ကာလမှာတော့ ကိုဗစ်-၁၉ ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့်အပြင် ကွန်ဂရက်လွှတ်တော် အဓိကရုဏ်း ဖြစ်စဉ် နောက်ပိုင်း လုံခြုံရေး တိုးမြှင့်တာတဲ့အတွက်ကြောင့် လူမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေခဲ့တဲ့ နေရှင်နယ် မောလ်မှာ ဘိုင်ဒင်နဲ့ ရွေးကောက်ခံဒုသမ္မတ ကာမလာ ဟားရစ်တို့ပဲ  ရှိနေခဲ့ပါတယ်။

လုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် သမ္မတကျမ်းကျိန်ပွဲမတိုင်မီ ဝါရှင်တန်မြို့လယ်ရှိ နေရှင်နယ် မောလ်ကိုတော့ ပိတ်ထားမှာ ဖြစ်ကြောင်း အမျိုးသားပန်းဥယျာဉ်ဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ သမ္မတကျမ်းကျိန်ပွဲ အခမ်းအနား ကျင်းပချိန်မှာ ပြည်သူတွေအနေနဲ့ နေအိမ်မှာပဲ ရှိနေသင့်ကြောင်းနဲ့ အခမ်းအနားတွေကို အွန်လိုင်းကနေသာ ကြည့်ရှုကြရန် ဝါရှင်တန်ဒီစီ မြိုတော်ဝန် မြူရီရယ် ဘိုးဆာက တိုက်တွန်းသွားခဲ့ပါတယ်။

အလားတူ မိမိတို့ရဲ့ မစ်ရှင်အပေါ် သစ္စာစောင့်ထိန်းဖို့ ကတိမပြုနိုင်တဲ့ အမျိုးသား အစောင့်တပ်ရဲ့တပ်ဖွဲ့ဝင်တွေကိုလည်း အစောင့်တပ်ကနေ ဖယ်ရှားသင့်ကြောင်း ဘိုးဆာက ပြောသွားပါတယ်။

အလားတူ ရွေးကောက်ခံဒုသမ္မတ ကာမလာ ဟားရစ် အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတ အဖြစ် ကျမ်းကျိန်သွားဖို့ ပြင်ဆင်နေချိန် သူမရဲ့ ဘိုးဘေးများ ဇာတိဖြစ်တဲ့ အိန္ဒိယတောင်ပိုင်းက တူလာဆင်ဒရာပူရမ် ကျေးရွာက ဒေသခံတွေကတော့ “ဂုဏ်ယူ ပျော်ရွှင်” လျက်ရှိပါတယ်။

“ဒီက လူတွေက အတော့်ကို ပျော်ရွှင်နေကြတယ်၊ သူ ရွေးကောက်ပွဲနိုင်ပြီး အမေရိကန်ဒုသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတုန်းကလည်း ဒီမှာ အောင်ပွဲခံမှုတွေ လုပ်ခဲ့ကြပါတယ်” အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦး ဖြစ်တဲ့ အနူကမ်ပါ မက်ဟာဗာဆင်မ်ဟန်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly