၂၀၁၆- ၂၀၁၇ မှာ အိမ်ခြံမြေစျေးကွက် ဘာဆက်ဖြစ်လာမလဲ

၂၀၁၆- ၂၀၁၇ မှာ အိမ်ခြံမြေစျေးကွက် ဘာဆက်ဖြစ်လာမလဲ

“အခု အချိန်အထိတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်က အေးစက်နေတုန်းပါ” ဒီစကားကို ပြောကြသူတွေကတော့  ၂၀၁၅ ခုနှစ်တစ်လုံး အတိုင်းအတာအနေနဲ့ တွေ့မြင်နေရတဲ့ ဈေးကွက် အခြေနေကို ကျွမ်းကျင်သူတွေနဲ့ ဈေးကွက် နယ်ပယ်ထဲက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၆-၂၀၁၇ခုနှစ် ထဲမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင် ရောက်လာနိုင်ပြီး အိမ်ခြံမြေ အရောင်းအဝယ်တွေ ကောင်းလာနိုင်မယ့် အခြေအနေတွေကို မြင်တွေ့နေရတယ်လို့ ဆိုသူတွေလည်း ရှိနေပါတယ်။ တစ်ဘက်မှာကလည်း မြေဈေးကြီးမြင့် နေတာတွေကို ကိုင်တွယ်နိုင်ဖို့လို အပ်နေဆဲဖြစ်ပါတယ်။

“၂၀၁၆ အတွင်းမှာ အိမ်ခြံမြေ အရောင်းအဝယ်တွေ ပိုပြီးတော့ ဖြစ်လိမ့်မယ်၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီးတော့ ဝင်လာလိမ့်မယ်။ ဒီ နိုင်ငံခြားကနေ ရင်းနှီးမြှပ်နှံမှုတွေ ပိုပြီးတော့ ဝင်လာမှာ ဖြစ်တဲ့အတွက်ကြောင့်  သူတို့တွေ နိုင်ငံခြားသားတွေအတွက် စက်ရုံတွေတည်ဖို့ နေရာတွေလိုမယ် ရုံးခန်းတွေဖွင့်ဖို့ ကွန်ဒိုတွေ တိုက်ခန်းတွေ လိုမယ်။ အဲဒီ့အတွက်ကြောင့် အရောင်းအဝယ်တွေ ပိုပြီးတော့ ဖြစ်မယ်။ အငှားတွေပိုပြီးတော့ ဖြစ်လိမ့်မယ်” လို့ iMyanmarHouse.com ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ခန့်မှန်း တွက်ချက်ပါတယ်။

ပြည်ပ ရင်းနှီးမြှပ်နှံသူတွေကြောင့် အိမ်ခြံမြေ အရောင်းအဝယ်နဲ့ အငှားတွေ ပိုပြီး ရှိလာ နိုင်ပေမယ့်လည်း ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တစ်ချို့ ကြုံတွေ့နေရတဲ့ အခက်ခဲတစ်ခုကတော့ မြေဈေး ကြီးမြင့်မှုပဲဖြစ်ပါတယ်။

ဒါ့အပြင် စက်မှုဇုံတွေမှာလည်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတဲ့ လစ်လပ်မြေတွေ ရှိနေတာကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတတ်မှုတွေမှာ နစ်နာရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးနေလင်းဇင်က ဆိုပါတယ်။

“မြေဈေးက ကြီးတယ်ဗျ။ မြေဈေးကြီးတဲ့အပြင် စက်မှုဇုံတွေမှာလည်း အလွတ်တွေ အများကြီးပဲ။ ဒီစက်မှုဇုံတွေလည်း အကောင်အထည် မဖော်နိုင်ဘူး။ ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုံတွေမှာ လွတ်နေတဲ့ မြေကွက်တွေ ဧကတွေ ထောင်နဲ့ချီ ရှိတယ်ဗျ ဘာမှမလုပ်ဘူး။ အဲ့မြေကွက်တွေက အရင်တုန်းက သိန်း ၁၀၀၊ ၉၀၊ ၆၀ လောက်နဲ့ ရောင်းခဲ့တာ အခုထက်ထိ မြေကွက်တွေ ဒီအတိုင်းပဲ အဲ့မြေကွက်တွေ အဲ့အတိုင်းဝယ်ထားပြီးတော့ အဲလို ပစ်ထားတာ။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရမ်းနစ်နာတယ်” လို့ဆိုပါတယ်။

မြေဈေးတည်ငြိမ်ဖို့နဲ့ ပက်သက်ပြီး ဥပဒေတစ်ရပ် ထုတ်ပြန်၊ ထိန်းညိတာမျိုး မြေနေရာ ရှားပါးမှုတွေအတွက် မြို့သစ်စီမံကိန်းတွေ အကောင်အထည် ဖော်လာနိုင် ဖို့လည်း လိုအပ်နေတဲ့ အခြေအနေတွေကိုလည်း မြင်တွေ့နေရတယ်လို့ မြို့ပြ စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

“ဘာကြောင့်လဲဆိုတော့ ဒီမြေဈေး ကြီးတယ်ဆိုတဲ့ ကိစ္စဟာ ပြောမယ်ဆိုလို့ရှိရင်တော့ ဒါက မမှန်မကန် ပုံစံမကျဘဲနဲ့ ဖြစ်လာတဲ့ ကိစ္စကိုး၊ အိမ်ခြံမြေဈေးနဲ့ ပက်သက်ပြီး အိမ်ခြံမြေ အခန်းကဏ္ဍနဲ့ ပက်သက်ပြီးတော့ တည်ငြိမ်ခိုင်မာတဲ့ ဈေးကွက်မျိုးဖြစ်အောင်လို့ ခုနပြောတဲ့ ဥပဒေတွေနဲ့ ကျားကန်ပေးရမယ်။ ထိန်းချုပ်ပေးရမယ်။ တစ်ချိန်ထဲမှာပဲ အိမ်ရာတွေ အများဆုံး ဖော်ထုတ်ပေးရမယ်။ ဒါဆိုလို့ရှိရင် အိမ်ခြံမြေဈေးကွက်က သူ့ဘာသူ တည်တည်ငြိမ်ငြိမ်နဲ့ ရေရှည်မှာ တည်တံ့ပြီးတော့မှ ဈေးနှုန်းကလည်းကျစ်လစ် ခိုင်မာသွားမယ် လူတန်းစား ပေါင်းစုံ သူ့အလွှာ အသူ့အတန်းစားနဲ့ သူဝယ်နိုင်တဲ့ သူ့အလွှာနဲ့သူအိပ်မက် မက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့  မဏ္ဍိုင် အလုပ်အကိုင် ရှာဖွေရေးနဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဦးက ဆိုပါတယ်။

အိမ်ခြံမြေ လုပ်ငန်းရှင်တွေ၊ မြို့ပြ စီမံခန့်ခွဲသူတွေရဲ့ အဆိုအရတော့ အိမ်ခြံမြေ ဈေးကွက်ကို ဥပဒေပြုရေး အပိုင်းကနေ တည့်မတ်ပေးနိုင်မယ်ဆိုရင် အိမ်ခြံမြေဈေးကွက်ဟာ ပြည်တွင်း၊ ပြည်ပ အကျိုးစီးပွားအတွက် တည်တည်ငြိမ်ငြိမ်နဲ့ရေရှည် သွားနိုင်မယ့် အခြေအနေဖြစ်လာဖို့တော့ ရှိနေပါတယ်။

တစ်ဘက်မှာကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် လုပ်ငန်းမြေကွက် အငှားဈေးကွက်နဲ့ ရုံးခန်း အငှားဈေးကွက်တွေအတွက် အချက်ကျကျ လုပ်ဆောင်နိုင်ဖို့ ပိုပြီးအရေးကြီး လာနေတဲ့ အနေအထားမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags