ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ကို ရာသီကုန်အထိ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အေစီမီလန် ခေါ်ယူ

ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ကို ရာသီကုန်အထိ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အေစီမီလန် ခေါ်ယူ
Photo: AC Milan

စီးရီးအေအမှတ်ပေးဇယားဦးဆောင်နေသူ အေစီမီလန်အသင်းဟာ မာရီယို မန်ဇူကစ်ကို နောက်ထပ်တစ်နှစ်ထပ်မံစာချုပ်ခွင့်အပါအဝင် ရာသီကုန်အထိ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကာတာကလပ် အယ်လ်ဒူဟေးနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။ 

သူဟာ ၂၀၁၃ ခုနှစ်က ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ်၊ ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ်အထိ ဂျူဗင်တပ်စ်နဲ့ စီးရီးအေချန်ပီယံ လေးကြိမ် ဆွတ်ခူးခဲ့ပြီး အက်သလက်တီကိုအတွက်လည်း ကစားပေးခဲ့ပါတယ်။ 

မန်ဇူကစ်ဟာ ပြင်သစ်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းအတွက် ဂိုးသွင်းယူခဲ့ပါတယ်။ 

"ကျနော် အရမ်းပျော်ပါတယ်။"လို့ အသက် ၃၉ နှစ်အရွယ် အသင်းဖော်သစ် ဇလာတန် အီဘရာဟီမိုဗစ်က Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။ "အခုဆိုရင် ပြိုင်ဘက်အသင်းတွေ ကျနော်တို့ နှစ်ယောက်ကို ကြောက်နေလောက်ပါပြီ။" 

အေစီမီလန်ဟာ ဒီနှစ်စီးရီးအေ ၁၈ ပွဲကစားပြီးချိန် ၁၃ ပွဲနိုင်၊ လေးပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ကာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly