ဝံပုလွေစစ်သည်နဲ့ ဓားစာခံ သံတမန်ရေး - ၂၀၂၀ခုနှစ်အတွင်း တရုတ်သံတမန်ရေးရဲ့ ဝိသေသလက္ခဏာများ

By မောင်မြသာ
19 January 2021
ဝံပုလွေစစ်သည်နဲ့ ဓားစာခံ သံတမန်ရေး - ၂၀၂၀ခုနှစ်အတွင်း တရုတ်သံတမန်ရေးရဲ့ ဝိသေသလက္ခဏာများ
တရားရုံးကြားနာရန်အတွက် နေအိမ်မှထွက်ခွာသွားသည့် ဟွာဝေး ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ် မုန့်ဝမ်ကျိုးကို နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ရိုက်တာ

ဇန်နဝါရီ ၁၉

တရုတ်ရဲ့‘ဝံပုလွေစစ်သည်သံတမန်ရေး’ ဟာ ကမ္ဘာတစ်လွှားမှာ ဆိုးဝါးတဲ့ အကျိုးဆက်တွေဖြစ်လာစေခဲ့ပါတယ်။ နိုင်ငံခြားရေးမူဝါဒအစီအစဉ်အနေနဲ့ ပေကျင်းရဲ့ အမျိုးသားရေး ကျူးကျော်မှုဟာ အနောက်ကမ္ဘာနဲ့ ရင်ဆိုင်နေရပြီးဖြစ်တဲ့ နဂါးကြီးရဲ့ ရှုပ်ထွေးမှု စာရင်းရှည်မှာ ပါဝင်လာပါတယ်။

ထိပ်တန်း ဟွာဝေး ဘဏ္ဍာရေးဆိုင်ရာအမှုဆောင်အရာရှိချုပ် မုန့်ဝမ်ကျိုးကို ဖမ်းဆီးတဲ့အပေါ် တရုတ်က လက်တုံ့ပြန်ပုံက ကနေဒါ စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်စပေဗွာနဲ့ သံအမတ် မိုက်ကယ် ကော့ဗ်ရစ်ဂ်တို့ကို သူလျိုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းလိုက်တာဖြစ်ပါတယ်။ အဲဒီနှစ်ယောက်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ဖမ်းဆီးခဲ့ပေမဲ့ အခုထက်ထိ ရုံးတင်စစ်ဆေးတာမလုပ်ရသေးပါဘူး။ ဒီဖြစ်ရပ်နောက်ပိုင်း တရုတ်-ကနေဒါ ဆက်ဆံရေးဟာ အဆိုးဆုံးအခြေအနေရောက်သွားခဲ့ပြီး ကနေဒါလူမျိုးတွေကြားမှာ အမျက်ဒေါတွေ ဖြစ်ပေါ်လာစေပါတော့တယ်။

မုန့်ဝမ်ကျိုးဟာ နေအိမ်အကျယ်ချုပ်ကျခံနေရပြီး အမေရိကန် ပိတ်ဆို့အရေးယူမှုတွေကို ဖောက်ဖျက်မှုဖြစ်စေတဲ့ အီရန်နဲ့ ဟွာဝေးရဲ့ ပတ်သတ်မှုတွေကို အမေရိကန်ဘဏ်တွေကို လိမ်ညာထားမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူ့ကို လက်ရှိမှာ အမေရိကန်ကို လက်လွဲပေးပြောင်းဖို့ ကနေဒါက ငြင်းဆန်ထားပါတယ်။

တရုတ်မှာတော့ ကော့ဗ်ရစ်ဂ်နှင့် စပေဗွာနှစ်ယောက်ကို ပြင်ပရှေ့နေတွေနဲ့ ဆက်သွယ်ခွင့်မပေးဘဲ ထိန်းသိမ်းထားသလို ကောင်စစ်ဝန်အရာရှိတွေ၊ သက်ဆိုင်ရာ မိသားဝင်တွေနဲ့ တွေ့ဆုံစကားပြောခွင့်လည်း ကန့်သတ်ထားပါတယ်။ ခက်ခဲတဲ့ လူနေမှု အခြေအနေတွေကြားမှာ သူတို့နှစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာရေးကောင်းတယ်လို့  ပေကျင်းဆိုင်ရာ ကနေဒါသံအမတ်ကြီးက ပြောပါတယ်။ ဒါပေမယ့် ကော့ဗ်ရစ်ဂ်ကို ပေကျင်းမှာ အပြင်လောကနဲ့ လုံးဝအဆက်အသွယ်မရှိတဲ့ ၁၀ ပေပတ်လည် ကွန်ကရစ်အခန်းမှာ ခြောက်လကြာတိုက်ပိတ်ထားတာဖြစ်ပြီး  ဖုန်းပြောခွင့် ၁၆ မိနစ် ၄၇စက္ကန့်ပဲ ပေးပါတယ်။ စပေဗွာကိုတော့ မြောက်ကိုရီးယားနယ်စပ်နဲ့ ပိုနီးတဲ့ ဒန်ဒွန်းက တသီးတသန့်နေရာမှာ ထိန်းသိမ်းထားပါတယ်။ စပေဗွာပြန်ပြောပြချက်အရဆိုရင် သူ့ကို ၂၄ နာရီလုံးလုံးမီးအလင်းရောင်အောက်ထားပြီး အဲဒီစခန်းက ခပ်ကြမ်းကြမ်းအခြေအနေကို ကြိုးစားဖြတ်ကျော်နေရတယ်လို့ ဆိုပါတယ်။

 မြောက်ကိုရီးယားကင်ဂျုံအန်နဲ့ ရင်းနှီးတဲ့သူဖြစ်ပြီး Paektu ယဉ်ကျေးမှုဖလှယ်ရေးအဖွဲ့ကို တည်ထောင်သူရယ်လို့သိကြတဲ့ စပေဗွာအတွက် အများသူငှာလူတန်းငွေ  အမေရိကန်ဒေါ်လာ ၂၈,၀၀၀ ကျော်ရရှိခဲ့ပါတယ်။ ဖမ်းဆီးခံနှစ်ယောက်အတွက် #FreeChinaHostages ဆိုတဲ့စာတွေရယ်၊ အားလပ်ရက် နှုတ်ခွန်းဆက်စာတွေဟာ တရုတ်သံရုံးတွေကို တဖွဲဖွဲရောက်လို့လာနေပါတယ်။

ဒီဇင်ဘာလ အစောပိုင်းကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယင်းက နှစ်ယောက်လုံးကို ‘ဖမ်းဆီးပြီး စွဲချက်တင်ဖို့ ကြိုးပမ်းခဲ့တယ်’ လို့ ပြောခဲ့ပါတယ်။ တရုတ်ရဲ့ နိုင်ငံပိုင် ဝါဒဖြန့်ချိရေး မီဒီယာ ဂလိုဘယ်တိုင်းမ် Global Times ကလည်း အဲဒီကနေဒါသားနှစ်ယောက်လုံးကို ‘ဖမ်းဆီး စစ်ဆေးခဲ့သည်’ လို့ ရေးသားထားပါတယ်။

ဒါပေမယ့်လည်း ရုံးတင်စစ်ဆေးတဲ့ အထောက်အထားလုံးဝမတွေ့ရပါဘူး။ ဖမ်းဆီးထားတဲ့သူ နှစ်ယောက်လုံးအတွက် ဖြစ်ပေါ်တိုးတက်မှု တစ်စုံတစ်ရာမရှိဘူးရယ်လို့ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။  

တရုတ် ကွန်မြူနစ်ပါတီ CCP ထိန်းချုပ်တဲ့ တရားရုံးစနစ်မှာ အစိုးရက တရားစွဲခံရတာနဲ့ တရားစွဲခံရသူဟာ ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခံရဖို့ ရာနှုန်းပြည့်ဖြစ်ပါတယ်။

စွပ်စွဲချက်တွေအရ ‘အမျိုးသားလုံခြုံရေးကို ထောက်လှမ်းခြင်း’ နဲ့ ‘ပြင်ပအဖွဲ့အစည်းများအတွက် ထောက်လှမ်းပေးခြင်း’ တို့အတွက် စပေဗွာနှင့် ကော့ဗ်ရစ်ဂ်တို့ဟာ ထောင်ဒဏ် ‘ဆယ်စုနှစ်တွေများစွာ’ ကျခံရနိုင်ပါတယ်။

 တရုတ်ဟာ သူရဲ့ ‘ဓားစာခံသံတမန်ရေး’အတွက် တာဝန်ခံဖို့ ငြင်းဆန်ထားပြီး ‘ဥပဒေနှင့်အညီ တရားဝင်အခွင့်အရေးတွေကာကွယ်' တာပါရယ်လို့ ဖော်ပြခဲ့ပါတယ်။ ဓားစာခံလဲလှယ်ရေးအတွက် ကနေဒါနဲ့ အမေရိကန်ကြားက အပေးအယူညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

တရုတ်ရဲ့ ချဉ်းကပ်မှုဟာ ကမ္ဘာတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန် ပြစ်တင်ဝေဖန်ခံရနေပြီး ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှာ တရုတ်ရဲ့အခန်းကဏ္ဍကိုပေါ်လွင်လာစေပြီး တရုတ်ဆန့်ကျင်ရေး သဘောထားတွေကို အားကောင်းလာစေပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly