စစ်ပွဲတွေ ရပ်ဖို့ ၈၈ နဲ့ အနုပညာရှင်များ ပူးပေါင်း လှုပ်ရှားမည်

စစ်ပွဲတွေ ရပ်ဖို့ ၈၈ နဲ့ အနုပညာရှင်များ ပူးပေါင်း လှုပ်ရှားမည်
(Photo- 88 Generation Facebook)

ရန်ကုန်၊ မဇ္ဈိမ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားလျှက်ရှိသော စစ်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် လှုပ်ရှားမှု တစ်ခုပြုလုပ်ရန် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းအဖွဲ့အစည်းက အနုပညာရှင်များ နှင့် နိုဝင်ဘာ ၂၃ရက် နေ့လည် ၁နာရီက ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးမှုအရ ငြိမ်းချမ်းရေးလှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာရေး အတွက် လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့ အစည်းများနှင့် နိုင်ငံရေးအင်းအားစုများမှ စိတ်ပါဝင်စားသူ များနှင့် နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပထမအကြိမ်အစည်းအဝေးအဖြစ် တွေ့ဆုံဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမည်ဟု ၈၈မျိုးဆက်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ပွဲအတွင်း တိမ်းရှောင် ဒုက္ခသည်များလည်း တိမ်းရှောင်နေရသည်။

ရှမ်းပြည်နယ်အတွင်းက စစ်ပြေးဒုက္ခသည်များ အရေးအတွက် အစိုးရက ထိရောက်သည့် ထောက်ပံ့မှုပြုရန် ရှမ်းပြည်နယ် ကျေးသီးအမတ် ဦးစိုင်းအွန်ဆိုင်မိုင်းက နိုဝင်ဘာ ၂၃ရက်က ပြည်သူ့ လွှတ်တော်တွင် အရေးကြီး အဆိုတင်ခဲ့သေးသည်။ ယင်းအဆိုကို လွှတ်တော် ဒုဥက္ကဋ္ဌက မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆုံးဖြတ်ခဲ့သည်။

ရှမ်းပြည်နယ်၌ တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှုးချုပ်အောင်သော်က ယနေ့ လွှတ်တော်တွင် ပြောခဲ့သည်။

စစ်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်အတွင်းက မြို့နယ်( ၇) ခုက စစ်ဘေးရှောင်ခိုလုံရေးစခန်း (၁၆) ခု၌ စစ်ဘေးရှောင်သူပေါင်း ၅၁၃၈ ဦးရှိသည်ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly