မြစ်ရေစည်းချက် ဧရာဝတီ - ၂၄ 

မြစ်ရေစည်းချက် ဧရာဝတီ - ၂၄ 

သန့်ဇော်(သန်လျင်) 

မြန်မာပြည်ရဲ့ မြောက်ဖျားကစလို့ ခေါင်လံဖူး၊ မေခမြစ်(အန်မိုင်ခမြစ်)တစ်လျှောက် ချီဖွေ၊ တစ်ခါ မြစ်ဆုံ ဒေသကနေ ဧရာဝတီမြစ်တစ်လျှောက် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ အင်းရွာ၊ ထီးချိုင့်၊ တကောင်း၊ မလည်၊ သပိတ်ကျဉ်း၊ ကျောက်မြောင်း၊ စဉ့်ကူး၊ သဖန်းဒေါင့်၊ မင်းကွန်း၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ ရွာသစ်ကြီး၊ ငါန်းဇွန်ကနေ စစ်ကိုင်းတိုင်းက မြင်းမူကိုတောင် ရောက်လာ ပါပြီ။ 

ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးကို စုန်ဆင်းတဲ့ ရေလမ်းတစ်လျှောက်မှာတော့ သာယာလှပတာတွေ ရှိလို၊ တချို့ကျန်ရှိနေသလို ပြုပြင်ထိန်းသိမ်းရမှာတွေကတော့ များပြားတာတွေ့ရပါတယ်။ မြစ်ကမ်း ထိန်းသိမ်းရေး၊ ရေကြီးရေလျှံတားဆီးကာကွယ်ရေး၊ မြစ်ရေနဲ့ မြစ်ကမ်းဘေးတွေမှာ သန့်ရှင်းရေးလုပ် နေတာတွေတော့ သိပ်ပြီး မတွေ့ရပါဘူး။ မြစ်ရေကို တူတူတန်တန် အသုံးချတာကတော့ လုံးဝကို မတွေ့မြင်ရပါဘူး။ 

အချိန်ကြာလာတာနဲ့အမျှ ဧရာဝတီမြစ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဲသောင်ပြင်များကို သယ် ဆောင်လာတာ တွေ့ရပါတယ်။ ပြည်သူလူထုရဲ့ ဧရာဝတီမြစ်အပေါ် သဘောထားအမြင် ပြောင်းလဲနေ တာလည်း ကြားသိခဲ့ရပါတယ်။ ဧရာဝတီမြစ်ရဲ့ သယံဇာတတွေဖြစ်တဲ့ ကျောက်မျက်ရတနာများနဲ့ သစ်တောတွေကြောင့် ပဋိပက္ခတွေနဲ့ မြေယာသိမ်းယူမှုတွေလည်း ရှိခဲ့ပြီး  မြစ်တစ်လျှောက်မှာ နေထိုင် တဲ့ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ နယ်မြေဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ် ရေးစတဲ့ အခြေခံအဆောက်အအုံတွေကို ဒီဖက်ခေတ်မှာမှ အလှည့်ကျ အကောင်အထည်ဖော်နေရလို့ ဖွံ့ဖြိုးမှု နှေးကွေးနေတယ်လို့လည်း ဒေသခံတွေ အပြောအရ သိခဲ့ရပါတယ်။ ဒီမြစ်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ဖို့အရေးကိုလည်း စိတ်ကူးယဉ်လိုက်ရတာလည်း အမောတကောပါပဲ။ ပြည်သူ တွေ အားလုံးမှာ တာဝန်ရှိကြတာပဲ မဟုတ်ပါလား။ 

မြင်းမူမြို့မှာ သင်္ဘောကမ်းကပ် ကုန်တင်ကုန်ချလုပ်တာ တော်တော်ကြာပါတယ်။ မြင်းမူမြို့ရဲ့ တစ်ဖက် ကမ်းကတော့ ရေလယ်သောင်ကြီးပဲဖြစ်ပြီး မြစ်ရဲ့ အလယ်ကောင်မှာမဟုတ်ဘဲ မြစ်ကမ်းမှာသောင်ကြီး အကြီးကြီးထွန်းပြီး အဲဒီသောင်ပေါ်မှာ ရွာတောင်တည်ထားတာကိုတွေ့ရပါတယ်။ သောင်ကြီးက နှစ်ထပ်လို့ပြောရမလားပါပဲ၊ သဲသောင်ကြီးကိုကျော်လိုက်ရင် ဟိုးနှစ်ပါင်းများစွာက ဖြစ်ဟန်ရှိတဲ့ မြစ်ကျိုးအင်းကြီးလိုဖြစ်ပြီး အဲဒီအပေါ်မှာ ရွာတည်ထားတာပဲဖြစ်ပါတယ်။ ဧရာဝတီမြစ်တစ်လျှောက် စုန်ဆင်းသွားတဲ့အတိုင်းပင် အဲဒီကျွန်းကြီးပေါ်မှာ ရွာတွေ အစဉ်လိုက်ရှိပြီး တောင်ယာစိုက်ခင်းတွေ လည်း အများကြီးကို တွေ့ရပါတယ်။ 

အဲဒီ ကျွန်းကြီးပေါ်မှာ စိုက်ပျိုးရေးတွေကို အဓိကထားပြီးလုပ်ကြပါတယ်။ ရေချိုငါးမွေးမြူရေးလည်း အနည်းအကျဉ်းတော့ လုပ်ကြတယ်လို့လည်း သိရပါတယ်။ ကျွန်းကြီး တစ်လျှောက် ရွာပေါင်း ၁၁ ရွာ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။ နှစ်ပေါင်းများစွာကတည်းက နုန်းတင်မြေနု ဖြစ်လာတာဖြစ်လို့ ရွာတွေမှာ အရိပ်ရ သစ်ပင်ကြီးတွေတောင် ခိုင်ခိုင်မာမာ ပေါက်ရောက်နေကြတာကိုလည်း တွေ့ခဲ့ရပါ သေးတယ်။ ဒီဖက် မရှေးမနှောင်မှာတော့ မော်တော်ကားလမ်းတွေ ဖောက်ပေးလေတော့ ကုန်စည်ကူး သန်းရောင်းဝယ်ရတာ ရေလမ်း၊ ကုန်းလမ်း အဆင်ပြေကြတယ်လို့လည်း သိရပါတယ်။ 

သင်္ဘောက အဲဒီရွာတွေကို အကုန်ကပ်ပေးပါတယ်။ ဟိုကွေ့ဒီကောက် ပျင်းရိငြီးငွေ့ဖွယ်နဲ့ အတွေ့သစ် တွေကတော့ ကျောခြင်းကပ်ပါပဲ။ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့အခါ စစ်ကိုင်းတိုင်းဖက်အခြမ်း၊ ဧရာဝတီရဲ့ မြောက်ဖက်ကမ်း( အဲဒီနေရာက ဧရာဝတီကလည်းပဲ အရှေ့ကနေ အနောက်ကို စီးနေတာပါ) မှာ သောင်တွေထွန်းနေတာ မတွေ့ရဘဲ တောင်ဖက်ကမ်း(စုန်ဆင်းလာရင် လက်ဝဲဖက် အခြမ်း)ကတော့ သောင်တွေ ကျွန်းတွေကို တွေ့ရပါတယ်။ 

အဲဒီနားတစ်ဝိုက်မှာ ကမ်းခြေရွာတွေများပြီး၊ ရွာတိုင်းလိုလို သင်္ဘောက ရပ်နားပါတယ်။ ဆက်ပြီး စုန်ဆင်းလေလေ ဧရာဝတီမြစ်ဟာ တဖြည်းဖြည်းကောက်ကွေ့လာပြီး မြောင်မြို့ကို ရောက်ရှိလာတာကို လည်း သတိထားမိပါတယ်။ နွေရာသီဖြစ်လို့ မြောင်မြို့ရဲ့ ဧရာဝတီဟာ သောင်ကြီးထွန်းနေတာကြောင့် သောင်ကြီးကို ကွေ့ပတ်ပြီးမှ သင်္ဘောက ကမ်းကပ်လို့ရပါတယ်။ မြောင်မြို့ဖက်အခြမ်းမှာတော့ သောင် တွေ၊ ကျွန်းကြီးတွေမို့ မြစ်ရေတက်ချိန် ရေမရောက်နိုင်တဲ့နေရာတွေမှာ ရွာကြီးတွေနဲ့ စိုက်ခင်းတွေကို လည်း တွေ့ခဲ့ရပါတယ်။ 

ဧရာဝတီမြစ်ကို ဆက်ပြီး စုန်ဆင်းသွားမယ်ဆိုရင် မြစ်ဟာ တောင်ဖက်ကို ထပ်ပြီး တဖြည်းဖြည်းကွေ့ လာတာကိုတွေ့ရပြီး ရေလယ်မှာ သဲသောင်ထွန်းနေတာတွေလည်းတွေ့နေရပါတယ်။ ရွာလေးတွေကို ကျော်ဖြတ်ပြီး မြစ်ရဲ့ဘယ်ဖက်အခြမ်း၊ မန္တလေးတိုင်းအပိုင် ဆီမီးခုံရွာကို ရောက်ပါတယ်။ ရွာကြီးဖြစ် ပြီး အိမ်ခြေတော်တော်များများရှိတယ်လို့လည်း သိရပါတယ်။ 

ဆီမီးခုံရွာရဲ့ တစ်ဖက်ကမ်းကတော့ စစ်ကိုင်းတိုင်းအပိုင်ဖြစ်ပြီး နှစ်ပေါင်းရာချီကြာကတည်းက ကျွန်းအကြီးကြီးလိုဖြစ်နေပြီး ကျွန်းကြီးပေါ်မှာ နွေအခါတောင် ချောင်းလေးတွေကို တွေ့ရပါတယ်။ မိုးတွင်းဆိုရင် မြစ်ရေတက်ချိန်ဆို ချောင်းကြီးတွေ ဖြစ်ပြီး ဧရာဝတီနဲ့ ဆက်သွားကြတယ်လို့လည်း သိရပါတယ်။ နေပူကုန်း၊ မင်းတန်း၊ ဘုန်းခေါင်၊ ထုံးကြိုင်၊ သောင်ကြီး၊ ရွှေဘုံသာ၊ ဇီးကုန်း၊ ခင်ရွာ၊ ဆည်ရွာ၊ ဘူးကိုင်၊ သရက်သာ၊ ကျောက်ရစ်၊ ကျောက်တန်းအရှေ့ရွာ၊ ကျောက်တန်းအနောက်ရွာ၊ စတဲ့ရွာတွေ ရှိတယ်လို့လည်း ဒေသခံတစ်ဦးကပြောပြပါတယ်။ 

အဲဒီရွာတွေရဲ့ အနောက်ဖက်တည့်တည့်မှာတော့ ချင်းတွင်းမြစ်ရှိတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သင်္ဘောဟာ ဆီမီးခုံကနေ အထွက်မှာ ဧရာဝတီမြစ်ဟာ တောင်ဖက်ကို သိသိ သာသာ ကွေ့ပြီးစီးဆင်းလာတာကို သတိထားမိပါတယ်။ စုန်ဆင်းလာရင်း မြစ်ကမ်းနံဘေးတွေက မြစ်ရဲ့ ဘယ်ဖက်အခြမ်းကရွာတွေမှာသင်္ဘောကရပ်လိုက်၊ ညာဖက်အခြမ်းကရွာတွေမှာကပ်လိုက်၊ ကျွန်တော်တို့လည်း မန္တလေးတိုင်ဖက်အခြမ်းရောက်လိုက်၊ စစ်ကိုင်းတိုင်းဖက်အခြမ်းရောက်လိုက်နဲ့ ဒေသန္တရဗဟုသုတတွေလည်း ထပ်နေပါတော့တယ်။ 

ဆီမီးခုံနဲ့ ချင်းတွင်းကြားမှာတော့ ရေလယ်ကျွန်းကြီးတစ်ကျွန်းကိုတွေ့ရပြီး ရွာတည်ထားတာကိုလည်း တွေ့ရပါတယ်။ ချင်းတွင်းမြစ်နဲ့ မဆုံခင် ဧရာဝတီကမ်းဘေး ပန်းညိုရွာမှာ ခဏနားပါတယ်။ ပန်းညိုကို ကျော်လာတော့ ချင်းတွင်းမြစ်နဲ့ဆုံပါပြီ။ ချင်းတွင်းမြစ်ကနေ နွေရာသီဆိုတော့ သဲသောင်တွေနဲ့ ရေနည်း နည်းသာစီးတဲ့ ချင်းတွင်းမြစ်ကလေးတစ်ခုလို့ ပြောရင်ရမလားပဲ။ အဲဒီချင်းတွင်းမြစ်ကလေးရဲ့ တစ်ဖက်မှာက ပန်းညိုရွာ၊ ပြီးတော့ ချင်းတွင်းမြစ်ကလေး၊ ပြီးတော့ ကျောက်ဖူးရွာ၊ မြေဒေါ်ရွာမှာ သင်္ဘောခဏရပ်၊ ကျောက်ဖူးနဲ့ မြေဒေါ်ရွာ စတာတွေက ချင်းတွင်းမြစ်ကြီးရယ် ဧရာဝတီမြစ်ကြီးရယ်ကို ခုနက ချင်းတွင်း မြစ်ကလေးက ပိုင်းခြားပြီး ကျွန်းအကြီးကြီး လိုဖြစ်နေတာပါ။ အဲဒီကျွန်းကြီးပေါ်မှာ ရွာတွေတော်တော် များများရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာ ကတည်းက စိုက်ပျိုးရေးကို အကြီး အကျယ် လုပ်ကိုင်ကြတယ်လို့ လည်း သိရပါတယ်။ 

အဲဒီကျွန်းကြီးရဲ့ အနောက်မြောက်ဖက်မှာတော့ စစ်ကိုင်းတိုင်းအပိုင် ရေစကြိုမြို့နယ်ရှိပါတယ်။ ခေတ်သစ် အမွှေးတိုင်လုပ်ငန်းကြောင့် ရှေးဟောင်း မန်ကျည်းပင်ကြီးတွေ တော်တော်များများ ပျောက်ကုန်တဲ့မြို့ပေါ့။ ကျွန်တော်တို့ သင်္ဘောကလည်း မြို့ကြီးဆိုတော့ အဲဒီကို ဝင်ကပ်ပါတယ်။ အညာဒေသလည်းဖြစ် အပူပိုင်းရပ်ဝန်းဒေသလည်းဖြစ်တော့ ရာသီဥတုက တော်တော်ကို ပူပါတယ်။ ရွာတွေ့တိုင်းရပ်၊ ဟိုပတ်လိုက်၊ ဒီကွေ့ လိုက်ဆိုတော့ တော်ရုံလူအများစုကတော့  မြစ်ကြောင်းအတိုင်း မသွားတော့ပဲ ကားစီးသွားကြတာများပါတယ်။ ဒေသခံတွေကတော့ ဟိုဖက်ရွာကနေ ဒီဖက်ရွာကိုသွား၊ မန္တလေးဖက်ကကမ်းနဲ့ စစ်ကိုင်းဖက်ကကမ်းကို ကူးလိုက်နဲ့၊ နောက်တစ်ခါ အဓိကကတော့ ကုန်စည် စလယ် စီးဆင်းမှုကို မြစ်ကြောင်းဖက်အခြမ်းကို အားပြုတဲ့သူတွေက များပါတယ်။ ဒါတောင် ဒီဖက် ခေတ်မှာ ကားလမ်းတွေကောင်းလာတော့ ရေလမ်း ကနေ ကုန်စည် စီးဆင်းမှုတွေ နည်းသွားတာ ဖြစ်တယ်လို့ သင်္ဘောသား တချို့ကပြောပါတယ်။  ။ 

  • (ဆက်လက်ဖော်ပြပါမည်) 
  • သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly