မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဒေါ်လာ ၁ ဒသမ ၈ သန်းဖိုးရှိ ယာဘ ဆေးပြားများ ဖမ်းမိ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဒေါ်လာ ၁ ဒသမ ၈ သန်းဖိုးရှိ ယာဘ ဆေးပြားများ ဖမ်းမိ 
ဓာတ်ပုံ - AA

ဇန်နဝါရီ ၁၈၊ ၂၀၂၁ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့၏ စီးနင်းရှာဖွေမှုအတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားခရိုင်ကြား နတ်မြစ်အတွင်း လှေတစ်စီးကို သတင်းအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း BGB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မူးယစ်ဆေး ကုန်ကူးသူများက BGB နယ်ခြားစောင့်တပ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေး သွားကြောင်း၊ လှေပေါ်တွင် ယာဘ မူးယစ်ဆေးပြား ၅၂၀,၀၀၀ ခန့် ကျန်ရစ်ခဲ့ကြောင်းနှင့် မူးယစ်ဆေး ကုန်ကူးသူ သုံးဦး သို့မဟုတ် လေးဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။ 

ယာဘ မူးယစ်ဆေးပြားများ၏ ကာလပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၆၄ သန်းခန့် တန်ကြောင်းလည်း သိရသည်။ လှေပေါ်တွင် ရိုင်ဖယ်သေနတ် တစ်လက်၊ ကျည်ဆံများနှင့် ဓားများကိုလည်း သိမ်းဆည်းရမိသည်။ ထွက်ပြေးလွတ်မြောက်သွားသည့် မူးယစ်ဆေးကုန်သည်များကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက လိုက်လံရှာဖွေလျက်ရှိသည်။ 

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားရှိ နတ်မြစ်သည် မှောင်ခို ကုန်ကူးသူများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်သူများ အသုံးချရာ လမ်းကြောင်းတစ်ခု ဖြစ်သည်။  

ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၇ ရက်တို့တွင်လည်း ကောက်ဘဇားတွင် စီးနင်းရှာဖွေခဲ့ရာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ သန်း တန်ဖိုးရှိ ယာဘ မူးယစ်ဆေးပြား ၁ သန်းခန့် သိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။   

ဘင်္ဂလားဒေ့ရှ် လူငယ်များအပါအဝင် လူထောင်ပေါင်းများစွာသည် မကြာသေးခင် နှစ်များမှစ၍ အနီရောင် သို့မဟုတ် ပန်းရောင် ယာဘဆေးပြားများ သုံးစွဲမှု ရှိနေသည်။ ယာဘ ဆေးပြားများကို မက်သာဖက်တမင်းနှင့် ကဖိန်း ဓာတုဆေးများ ပေါင်းစပ် ထုတ်လုပ်ခြင်းဖြစ်ပြီး မြန်မာဘက်အခြမ်းတွင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း အန်နာဒိုလူ အေဂျင်စီ သတင်းဌာနက ဖော်ပြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly