ဒီမော့ဆို ရဲစခန်းမှ ရဲ ၁၅ ဦး နေအိမ် ကွာရန်တင်း ဝင်ရ

ဇန်နဝါရီလ ၁၇၊ ၂၀၂၁

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းတွင် ကိုဗစ်ရောဂါပိုးရှိသူ အချုပ်သား တစ်ဦးနှင့် ထိတွေ့ခဲ့သည့် ရဲဝန်ထမ်း ၁၅ ဦး နေအိမ် ကွာရန်တင်း ဝင်နေရကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဒီမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောသည်။

“ဒီမနက်က အချုပ်သား တွေ့တာ။ ရဲကတော့ ၁၅ ယောက် ကွာရန်တင်း ထားရတယ်။ သူတို့ကတော့ home ကွာရန်တင်းပဲ ထားတာ။ အရာရှိက ရဲအုပ်တစ်ယောက် ပါတယ်။ ဒုရဲအုပ် တစ်ယောက် ပါတယ်။ ကျန်တာ တပ်သားတွေပဲ” ဟု ပြောသည်။

ရောဂါပိုး တွေ့ရှိသူသည် ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း၌ ဒီမော့ဆို မြို့နယ်၊ စံပြ (၆) မိုင် ကျေးရွာအနီး မိုင်တိုင် အမှတ် ၁၂၅/၇ နှင့် ၁၂၆/၀ ကြားတွင် အမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးနေစဉ် ကားဖြင့် တိုက်မိသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် ဖမ်းဆီး၍ ရဲစခန်းတွင် ထိန်းသိမ်းထားစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကားတိုက်မှုကို ပေါ့လျော့ခြင်းဖြင့် လူသေစေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ (က) အနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ယာဉ်မောင်းသည် အသက် (၃၄) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့က ရှမ်းပြည်နယ်၊ ဆီးဘူးသို့ ခရီးသွားရာဇဝင်ရှိသူ ဖြစ်ကြောင်း ကယားပြည်အစိုးရက သတင်းထုတ်ပြန်သည်။

အဆိုပါ ပိုးတွေ့လူနာကို ဒီမော့ဆို ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိ၍ စောင့်ကြပ် ကြည့်ရှု ကုသပေး နေပြီး ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ကားတိုက်ခံရသူ အမျိုးသမီးသည် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၅ နာရီခန့်အကြာတွင် ကွယ်လွန်သွားကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ထို့အပြင် ပိုးတွေ့သူ မိသားစုဝင် သုံးဦးကိုလည်း လွိုင်ကော် ပညာရေးကောလိပ် ကွာရန်တင်း စင်တာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ ညနေအချိန်အထိ ကယားပြည်နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၀၈ ဦးအနက် ဆေးရုံတွင် လက်ရှိကုသမှု ခံယူနေရသူ ပိုးတွေ့လူနာ ၂၃ ဦး၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၈၄ ဦး၊ သေဆုံးလူနာ တစ်ဦးတို့ ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly