သီရိလင်္ကာ လေတပ်က ‘အထူးလေ့ကျင့်ပေးထားတဲ့ ခွေးတွေ’ ရဲ့ သင်တန်းဆင်းပွဲ ပြုလုပ်

သီရိလင်္ကာ လေတပ်က ‘အထူးလေ့ကျင့်ပေးထားတဲ့ ခွေးတွေ’ ရဲ့ သင်တန်းဆင်းပွဲ ပြုလုပ်

ဇန်နဝါရီ ၁၅

သီရိလင်္ကာ လေတပ်က အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ ခွေးတွေရဲ့ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုကို ဇန်နဝါရီ ၁၃ ရက်က Katunayake မြို့မှာ ကျင်းပခဲ့ရာမှာ အထူးလေ့ကျင့်ပေးထားတဲ့ လေတပ် အနံ့ခံခွေး အကောင် ၂၀ ပါဝင်ခဲ့ပါတယ်။

သင်တန်းဆင်းပွဲမှာ ပါဝင်ခဲ့ကြတဲ့ အဆိုပါခွေးတွေဟာ အဝါရောင် ဝတ်ရုံတွေ ဝတ်ထားကြပြီး ၎င်းတို့ကို ထိန်းကျောင်းသူတွေရဲ့ နံဘေးမှာ ယှဉ်ပြီး လမ်းလျှောက်ပြခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါအထူးခွေးတွေဟာ ၎င်းတို့ရဲ့ ပေါ့ပါးဖျတ်လတ်မှု စွမ်းရည်တွေကို ထုတ်ပြခဲ့ပါတယ်။

ယခု သင်တန်းဆင်းတဲ့ အသုတ်မှာပါတဲ့ ခွေးတွေကိုတော့ သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်မှာ တာဝန်ပေးသွားမှာဖြစ်ပြီး အဲဒီမှာ မူးယစ်‌ဆေးဝါးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ထောက်လှမ်းရှာဖွေရာမှာ ၎င်းတို့ရဲ့ အနံ့ခံစွမ်းရည်တွေနဲ့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ နယ်သာလန်ကနေ အထူး တင်သွင်းရရှိထားခဲ့တဲ့ ခွေးအကောင် ၂၀ ရဲ့ သင်တန်းဆင်းပွဲကို ဒီကနေ့မှာ မြင်တွေ့ခဲ့ရပါပြီ၊ ကျွန်တော်တို့ဟာ ဒီခွေးတွေကို အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံတကာလေဆိပ်တွေမှာ ကာကွယ်စောင့်ရှောက်မှုတွေအတွက် ခိုင်းစေသွားဖို့ စီစဉ်နေပါတယ်” လို့ လေတပ်တပ်မှူး ဆူဒါရှာနာ ပါသီရာနာက ပြောခဲ့ပါတယ်။

“မူးယစ်ဆေးဝါးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထောက်လှမ်းစုံစမ်းမှုတွေကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ အဲဒါက ဒီနိုင်ငံမှာ ဘေးအန္တရာယ်တစ်ခု လို့ ကျွန်တော်တို့ သိကြပါတယ်၊ မူးယစ်ဆေးတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဝင်နေကြတယ်၊ ဒီခွေးတွေကို တပ်ဖြန့်ရင်းနဲ့ လေဆိပ်ကနေတဆင့် ဝင်လာတဲ့ ပြဿနာတွေထဲက အများအပြားကို ကျွန်တော်တို့ ချေမှုန်းဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပါသီရာနာက ပြောသွားပါတယ်။

“ဒီခွေးတွေက အထူးလေ့ကျင့်သင်ကြားပေးထားတာပါ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အမျိုးအစားနဲ့ အနံ့ခံနိုင်စွမ်း၊ ပေါ့ပါးဖျတ်လတ်နိုင်မှုတို့ကြောင့်ပါ၊ ဒါ‌ကြောင့် ကျွန်တော်တို့ရဲ့ လေတပ် အနံ့ခံခွေးဌာနစိတ်ရဲ့ နှစ် ၅၀ သက်တမ်းဟာ ကျွန်တော်တို့ လေတပ်ရဲ့ နှစ် ၇၀ ပြည့်မြောက်မယ့် နှစ်ပတ်လည်နေ့နဲ့အတူ ခေတ်သစ်တစ်ခုထဲ ဝင်ရောက်တော့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ၎င်းက ‌ပြောသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required