မွန်နဲ့ ကယားမှာ ချစ်ကြည်ရေးမဖြစ်ဘဲ အဖုအထစ်တွေပဲ ဖြစ်ကျန်ခဲ့တယ်

မွန်နဲ့ ကယားမှာ ချစ်ကြည်ရေးမဖြစ်ဘဲ အဖုအထစ်တွေပဲ ဖြစ်ကျန်ခဲ့တယ်
ပုံ- SNLD ပါတီ ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်ကိုတွေ့ရစဉ် (ပုံ- SNLD ဖေ့စ်ဘွတ်ခ်)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့စွဲဖြင့် နောင်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ကြရန် တိုင်းရင်းသားပါတီ ၄၈ ပါတီကို ဖိတ်ခေါ် ကမ်းလှမ်းစာပေးပို့ခဲ့သည်။

ထို့နောက် NLD ပါတီသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီး ချုပ် နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ်က ဦးအင်ထုံးခါးနော်ဆန်းတို့ သုံးဦးပါ ကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၂ ရက်က ဖွဲ့စည်း၍ တိုင်းရင်းသားပါတီများဖြင့် တွေ့ဆုံကာ အမျိုးသားညီညွတ်ရေး တည်ဆောက် ရန် ဆွေးနွေး လျက်ရှိနေကြသည်။

သို့သော် NLD ပါတီသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ NLD ရုံးမှာသာ တွေ့ဆုံရန် မူဝါဒ ချမှတ် ထားခြင်းကြောင့် မွန်ညီညွတ်ရေးပါတီ(MUP)၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)တို့နှင့် တွေ့ဆုံ ဆွေးနွေးမည့် နေရာ ညှိနှိုင်းမရသည့်အတွက် တွေ့ဆုံပွဲများ မဖြစ်မြောက်ခဲ့သလို ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နှင့် ဆွေးနွေးရေးမှာလည်း အနိုင်ရပါတီ ကိုယ်စားလှယ်များဖြင့်သာ ဆွေးနွေးခဲ့ပြီး ပါတီကိုယ်စားပြု မဆွေးနွေးခဲ့ခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ကိုယ်စားလှယ်များနှင့် NLD ကိုယ်စားလှယ်တို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်(တောင် ပိုင်း)၊တောင်ကြီးမြို့ရှိ NLD ရုံးမှာ တွေ့ဆုံခဲ့ကြ သည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး SNLD ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းညွန့်လွင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီ တာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

ဓာတ်ပုံ - SNLD ကိုယ်စားလှယ်နှင့် NLD ကိုယ်စားလှယ်တို့ တောင်ကြီးမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံဖို့လုပ်နေစဉ်။ (ပုံ-သျှမ်းသံတော်ဆင့်)

မဇ္ဈိမ          ။        ။ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ အန်ကယ်စိုင်းတို့ SNLD က ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်တယ်ကြားတယ်။ ဘယ်လို တွေ့ဖြစ်သွားတာလဲ။

စိုင်းညွန့်လွင် ။             ။ မနက် ၁၀ နာရီမှာ တွေ့ဖြစ်ကြပါတယ်၊  NLD ရုံးမှာပါ။  မနေ့ မနက်ကတော့ ကြား တစ်နေရာမှာ သူတို့တွေ breakfast အတူစားကြတယ်လို့လည်း သိရပါတယ်။  နေရာအတွက် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြရတာပါ။  ပြောရမယ်ဆိုရင် အခု ၁၅ ရက်နေ့ တွေ့ဆုံမှုဟာ  ဒုတိယ အကြိမ်လို့ ပြောနိုင်ပါတယ်။ 

ဇန်နဝါရီလ ၇ ရက်နေ့က ရန်ကုန် ဌာနချုပ်ရုံးကို NLD ဖက်ကလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ကို လာတွေ့ သွားပြီးပါပြီ။  ဒါကြောင့် အခု ဒုတိယအကြိမ် တွေ့ကြတာကို ညှိနှိုင်းတော့  ကျွန်တော်တို့ရဲ့  ညှိနှိုင်းရေးမှူးတွေက သူတို့အနေနဲ့  NLD ရုံးကို  အပြန်အလှန်အနေနဲ့  သွားတွေ့ကြတာလို့ ကျွန်တော်အဲ့လို နားလည်ပါတယ်။   

မဇ္ဈိမ           ။            ။ ဒီနေ့ တွေ့ဆုံ ဆွေးနွေးမှုမှာ ဘာတွေ ဆွေးနွေးကြလဲ။

စိုင်းညွန့်လွင် ။            ။ ကျွန်တော်တို့ လူတွေက ကျွန်တော်တို့ကို  အဆက်အသွယ် မလုပ်တာကြောင့် အတိ အကျတော့ မသိရပါဘူး။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးထားလို့ သူတို့ဖာသာ ဆုံးဖြတ်နိုင်ကြပါတယ်။  

တကယ်တော့ ကျွန်တော်တို့က ကချင်၊ မွန်နဲ့ ကယားဖက်က အခြေအနေတွေကို စိတ်ပူမိတာပါ။  အခုအချိန်က အမျိုးသား ညီညွတ်ရေးကို ဦးစားပေး လုပ်ကြရမှာ မဟုတ်လား။  ကချင်မှာလည်း ပြဿနာဖြစ် ကျန်ခဲ့တယ်။  မွန်နဲ့ ကယားမှာလည်း မပြေလည်ကြဘူး။ ချစ်ကြည်ရေးခရီးက  ချစ်ကြည်ရေးမဖြစ်ဘဲ အဖုအထစ်တွေပဲ ဖြစ်ကျန်ခဲ့တယ်။  မသွားရင်တောင် ကောင်းသေးတယ် ထသွားကာမှ လူသိကုန်တယ်။ 

အဲ့ဒီကိစ္စတွေနဲ့  ပတ်သက်ပြီး  ဘယ်လိုဖြေရှင်းကြမလဲ။ ဘယ်လို ပြန်လည် ဆုံတွေ့နိုင်အောင် လုပ်နိုင်မလဲ ဆိုတာကို ပြောချင်တာလည်း အဓိက အကြောင်းအရာတစ်ခုအဖြစ် အခုသွားတွေ့ရတဲ့အကြောင်းက ပါဝင်ပါ တယ်။   ကျွန်တော်တို့က လောလောဆယ် ဖြစ်နေတဲ့ကိစ္စတွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို  ထိခိုက်စေတယ်လို့ မြင်မိတယ်။  အတော်လေးလဲ  စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတွေကို ပြန်ကုစားချင်တဲ့  စိတ်စေတနာလည်း ပါပါတယ်။ 

မဇ္ဈိမ           ။           ။ SNLD ရဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ NLD ရဲ့ ကိုယ်စားလှယ် အဖွဲ့တွေ တောင်ကြီးမှာ တွေ့ဆုံ ဆွေးနွေးရာမှာ ဘယ်လိုသဘောထားတွေ ရခဲ့ကြလဲ။
 

စိုင်းညွန့်လွင်  ။           ။  လောလောဆယ်  ကျွန်တော်ဘာမှ မသိရသေးပါဘူး။  ကိုယ့်လူတွေနဲ့ အဆက် အသွယ်မရတာလဲ  မနေ့  မနက်ပိုင်းကတည်းက အခုထိပါဘဲ။

ဓာတ်ပုံ - SNLD မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကိုတွေ့ရစဉ်။(ပုံ-သျှမ်းသံတော်ဆင့်)

မဇ္ဈိမ           ။            ။ ချစ်ကြည်ရေးမဖြစ်ဘဲ အဖုအထစ်ဘဲ ဖြစ်ကျန်ခဲ့တယ်ဆိုတော့ ဘာကြောင့်လို့ ထင်ပါသလဲ။

စိုင်းညွန့်လွင် ။         ။ အဓိက ကတော့  ပုံသေ သတ်မှတ်ချက်တွေနဲ့ သွားခဲ့တဲ့အတွက်လို့ ကျွန်တော်တော့ ယူဆမိတယ်။  ဘာမှ မပြောဘူး။ နားထောင်ဖို့ဘဲ ရှိတယ်။ ပယ်ချတာ ၊ လက်ခံတာ မလုပ်ဘူး။ အထက်ကို ဆက်ပြီး တင်ပြမယ်ဆိုတဲ့ တရားသေ သတ်မှတ်ချက်တွေကြောင့် လို့ထင်ပါတယ်။

သွားတွေ့ရတဲ့ အဖွဲ့ဝင်တွေ အနေနဲ့လည်း ရှေ့တိုးနောက်ဆုတ် ဘာကိုမှလုပ်လို့ မရကြပါဘူး။  မှာလိုက်တဲ့ အတိုင်းပဲ ဆောင်ရွက်ကြရတယ်။ တွေ့ဆုံ ဆွေးနွေးကြတယ်ဆိုတာ နှစ်ဦးနှစ်ဖက်  အပေးအယူ မျှတနေမှ အဆင်ပြေနိုင်ပါတယ်။   နှစ်ဖက် အပြန်အလှန်ဆွေးနွေးဖို့  အချက်အလက် အနည်းအကျဉ်း လောက်တော့ ပါသွားဖို့ လိုပါတယ်။ 

အခုတော့  သွားနားထောင်ရုံ သက်သက်ပဲဆိုတော့  ဆွေးနွေးပွဲ မဟုတ်တော့ဘဲ ကြားနာပွဲ သက်သက် လိုမျိုး ဖြစ်နေတယ်။  လာရောက်တွေ့ဆုံတယ် ၊ ပြောစရာ ဘာမှမပါဘူး။ နားထောင်ရုံပဲ ဆိုတာမျိုးက သူတို့နဲ့လာပြီး တွေ့ဆုံဆွေးနွေး ပြောကြားရတဲ့ လူတွေအတွက် ဘယ်လောက်ခက်ခဲပြီး ဘယ်လောက် မျက်နှာငယ်ရမယ် ဆိုတာ စဉ်းစားကြည့်ပေါ့ ။ ဒါက တစ်ဖက်က လာဆွေးနွေးသူတွေကို  မလေးစားရာလည်း ရောက်ပါတယ်။

မဇ္ဈိမ          ။        ။ ဗမာမဟုတ်သော တိုင်းရင်းသား ပါတီတွေနဲ့ NLD ကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ပျက်ပြီး မဖြစ်မြောက်တဲ့အပေါ် SNLD က ဘယ်လို သဘောထားရှိလဲ။

စိုင်းညွန့်လွင် ။        ။ NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့  စည်းလုံးညီညွတ်ရေးအတွက်လို့ ပြောနေ ပေမဲ့ လည်း ကြားနေရာမှာ တွေ့ခွင့် တောင်းတာတောင် မလိုက်လျောနိုင်ခဲ့ပါဘူး။ SNLD အနေနဲ့ကတော့  အမျိုးသား ညီညွတ်ရေးအတွက်  တိုင်းရင်းသားပါတီ အားလုံးနဲ့  အောင်အောင်မြင်မြင် ပြန်လည် ဆွေးနွေးနိုင်ဖို့ အတွက်  အခု NLD ဆီကို တကူးတက သွားရောက် တွေ့ဆုံပြီး   မပြေလည်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့  ပြန်ပြီး ပြေလည်အောင် ဘယ်လို ကူညီဆောင်ရွက်ပေးရမလဲဆိုတဲ့  ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာဖွေဖို့  NLD  ကို တိုက်တွန်းဖို့  ရှိထားပါတယ်။ 

အခုလိုအချိန်မှာ အကွဲကွဲ အပြားပြား ဖြစ်နေကြရတာကို ကျွန်တော်တို့  SNLD  အနေနဲ့  လုံးဝ မလိုလားလို့  အခုလို သွားရောက်တွေ့ဆုံပြီး  တိုင်းရင်းသားတွေရဲ့  ခံစားချက်များကို ပြောပြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုတွေ့ဆုံဖို့ လုပ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေဟာ သိပ်မကြာသေးခင်ကဘဲ  ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖက်ပါတီတွေ ဖြစ်ခဲ့ကြတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။   ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် သူတို့ တွေကို NLD က အနိုင်ရမှု ပိုများခဲ့တာ ဖြစ်ပါတယ်။ 

အဲ့တော့ သူတို့နဲ့ တွေ့ဆုံတဲ့အခါ  ပိုပြီး ဂရုစိုက်ဖို့လိုသလို  ပိုပြီး အလေးအနက်ထား ဦးစားပေးဖို့ လိုပါတယ်။  သူတို့ရဲ့ သဘောထားတွေကို လေးစားပြီး လိုက်လျောနိုင်သလောက် လိုက်လျောဖို့ သင့်ပါတယ်။ ဒီလို မဟုတ် ဘဲ  ငါက အနိုင်ရထားသူဖြစ်လို့  ငါတို့ပြောသလိုပဲလုပ်   ဆိုတာမျိုးက  အောင်မြင်မှုအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။   ပါတီကြီးတစ်ခုက ပါတီလေးတစ်ခုကို ဖိအားပေးတဲ့ အနေအထားမျိုး မဖြစ်သွားစေချင်ပါဘူး။   ဒါတင် မကပါဘူး။ ဆွေးနွေးပွဲ မဖြစ်မြောက်တော့ဘူးဆိုတာနဲ့  ကာတွန်းတွေ ၊ မှတ်ချက်တွေနဲ့ တစ်ဖက်ကို တစ်ဖက် အပြစ်တင် ဝေဖန်တာတွေကလဲ  ညီညွတ်ရေးကို ထိခိုက်စေတယ်လို့ မြင်မိပါတယ်။

မဇ္ဈိမ           ။        ။ NLD ပါတီရဲ့  ၄၈ ပါတီကို ဖိတ်ခေါ်တဲ့စာနဲ့ NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှစ်သစ်ကူးမှာ စကားပြောတာမှာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး အခင်းအကျင်းသစ်ကို ဖော်ဆောင်မယ်ဆို တဲ့ စကားကို ချိန်ကြည့်ရင် ဘယ်လို တွေ့ရလဲ။

စိုင်းညွန့်လွင် ။          ။ နိုဝင်ဘာလ (၁၁) ရက်နေ့စွဲနဲ့ တိုင်းရင်းသားပါတီ ၄၈ ပါတီကို ပေးခဲ့တဲ့ အိတ်ဖွင့်ပေး စာမှာ နောင်အနာဂတ်မှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထား ဆောင်ရွက်သွားမယ်လို့ ရေးသား ပေး ပို့ခဲ့တယ်။  

အခု နှစ်သစ်မှာ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ရဲ့  နှစ်သစ်ကူး နှုတ်ဆက်စကားမှာလည်း  အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး အခင်းအကျင်းသစ်ကို ဖော် ဆောင်မယ်လို့ ပြောထားတာ မှတ်သားမိတယ်။  

ဒါဆိုရင် အခု  ပြီးခဲ့တဲ့ ပြည်နယ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ကြည့်လိုက်ရင် ၄၈ ပါတီကို ပေးခဲ့တဲ့စာနဲ့ ကိုက်ညီမှု မရှိဘူးလို့ မြင်မိတယ်။  နှစ်သစ်ကူး နှုတ်ဆက်စကားနဲ့လည်း  မညီညွတ်ပြန်ပါဘူး။  တကယ်တမ်း မှာတော့  တိုင်းရင်းသားပါတီ တော်တော်များများက NLD ဖက်က ပေးပို့တဲ့စာအပေါ် အတော်ကို အလေး ထားပြီး မျှော်လင့်ချက်ကြီးတွေ ထားခဲ့ကြတာ တွေ့ရပါတယ်။ တချို့ဆိုရင်  လေးလေးစားစား ပြန်ကြားစာတွေ တောင် ပို့ခဲ့ပါသေးတယ်။ အခုတော့ အဲ့ဒီ အဖွဲ့အစည်းတွေ ဘယ်လိုခံစားကြရမလဲ တွေးကြည့်ပြီး စိတ် မကောင်းတောင် ဖြစ်မိပါတယ်။

မဇ္ဈိမ           ။         ။  အခု ဆွေးနွေးပွဲ အောင်မြင်တယ်လို့ ပြောနိုင်မလား ။

စိုင်းညွန့်လွင်  ။         ။   တွေ့ဆုံဆွေးနွေးတယ်ဆိုတာ မတွေ့ကြဘဲ  အပြစ်တင်နေကြတာနဲ့စာရင်  ပိုကောင်း ပြီး ပိုအကျိုးရှိပါတယ်။ အခုတွေ့တဲ့ပွဲက အောင်မြင်လားလို့ မေးရင် ဘယ်လိုဖြေရမလဲ ။  ဘာမှ ပြောစရာ မရှိတဲ့ အပြင် နားထောင်မှတ်သားပြီး အထက်ကို ပြန်တင်ပြမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့  ဆွေးနွေးရတာပဲဗျာ ။  ဒါကိုမှ  အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့လောက် ညံ့ဖျဉ်းတဲ့လူ ရှိတော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly