ကျောက်မျက်ဓာတ်ခွဲခန်း စံချိန်စံညွှန်းများ အဆင့်အတန်းမြင့်မားရေးအတွက် မြန်မာနှင့် မလေးရှားသည် GIT နှင့် ပူးပေါင်းဆောင်ရွက်မည်

ကျောက်မျက်ဓာတ်ခွဲခန်း စံချိန်စံညွှန်းများ အဆင့်အတန်းမြင့်မားရေးအတွက် မြန်မာနှင့် မလေးရှားသည် GIT နှင့် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များသည် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ ဓာတ်ခွဲခန်းများ၏ စံချိန်စံညွှန်းများ အဆင့်အတန်း မြှင့်တင်ရေး၊ ဝန်ထမ်းများ၏ အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းရှိ ရောင်စုံကျောက်မျက်ရတနာဈေးကွက် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထိုင်းကျောက်မျက် ရတနာ အင်စတီကျု (အများပိုင်အဖွဲ့အစည်း) သို့မဟုတ် GIT၏ အလားအလာနှင့် ကျွမ်းကျင်မှုအပေါ် ၎င်းတို့၏ ယုံကြည်မှုကို ထုတ်ဖော်ပြသခဲ့သည်။ 

GITသည် အာဆီယံရှိ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများ ထုတ်လုပ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး အလားအလာကို မီးမောင်းထိုးပြနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ‘ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV)ရှိ ကျောက်မျက်နှင့် လက်ဝတ်ရတနာဈေးကွက်၏ အလားအလာကိုရှာဖွေခြင်း’ ဟူသောခေါင်းစဉ်ဖြင့် အွန်လိုင်းဖိုရမ်တစ်ခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပါသည်။ အနာဂတ်တွင် ယင်းလုပ်ငန်း၏ အလားအလာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် နည်းလမ်းများရှာဖွေခဲ့ခြင်းဖြစ်ပါသည်။ 

GIT ၏ ဒါရိုက်တာဖြစ်သူ Sumed Prasongpongchai က ယင်းအဖွဲ့သည် ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာစမ်းသပ်သည့် ဓာတ်ခွဲခန်းများအတွက် စံချိန်စံညွှန်းများ ပြဋ္ဌာန်းခဲ့ကြောင်း၊  ကျောက်မျက်ရတနာများ၏ အရည်အသွေး စစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများတွင် လုပ်ကိုင်နေသူများနှင့် ကျောက်မျက် ဓာတ်ခွဲခန်းများအတွက် GIT စံနှုန်းများသတ်မှတ်ပေးခဲ့ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် တူညီသော စံနှုန်းများကိုက်ညီရန်အတွက်လုပ်ဆောင်ခဲ့ကြောင်း ပြောကြားပါသည်။ COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက မြန်မာနှင့် လာအိုနိုင်ငံတို့မှအေဂျင်စီများသည် ၄င်းတို့၏ နိုင်ငံများတွင် ကျောက်မျက်ရတနာစမ်းသပ်သည့် ဓာတ်ခွဲခန်းများ တည်ထောင်ရေး အကြံဉာဏ်များ ရယူနိုင်ရန်အတွက် GIT နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေးကို မေတ္တာရပ်ခံတောင်းဆိုခဲ့ကြကြောင်းနှင့် GIT အနေဖြင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်ရန်အသင့်ရှိကြောင်း Sumed Prasongpongchai က ထပ်လောင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် GIT သည် Gemmology Diploma program (FGA) အပါအဝင် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ ဆိုင်ရာ သင်တန်းများ၊ ဈေးကွက်ရှာဖွေရေးသင်တန်းနှင့် လက်ဝတ်ရတနာ ဒီဇိုင်းသင်တန်းများကို ဖွင့်လှစ်ထားသည်။ ယင်းသင်တန်းများမှာ အာဆီယံစီးပွားရေးလုပ်ငန်းရှင်များ အကြားတွင် ရေပန်းစားပြီး အမြဲတမ်းကျောင်းအပ်လက်ခံနေရသည်။ 

အာဆီယံကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ ကုန်သွယ်ရေး အသင်းဥက္ကဋ္ဌ Suttipong Damrongsakul က ကျောက်မျက်ရတနာနှင့် သက်ဆိုင်သော ခိုင်မာသည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (supply chain) ကိစ္စ၊ ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာလုပ်ငန်း၏ အလားအလာများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး၊ ဒေသတွင်းတွင် ကျောက်မျက်ရတနာဈေးကွက် ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်မှုတိုးတက်ရေးအတွက် တိုင်းပြည်တစ်ခုချင်းစီ၏ အားသာချက်များဖြစ်သော ကုန်ကြမ်းရှိမှု၊ ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အချက်အချာကျမှုနှင့် အကောင်းဆုံး လက်မှုပညာရင်းမြစ်များရနိုင်မှု စသည်တို့ကို ပေါင်းစပ်လုပ်ဆောင်နိုင်ရန်အတွက် အခြားအာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့သည်။ 

မြန်မာ့ဈေးကွက်နှင့် ပတ်သက်၍ United GP Holding Co., Ltd. ၏ ဥက္ကဋ္ဌ ဦးအောင်ကျော်ဝင်းက မြန်မာနိုင်ငံသည် ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းအပါအဝင် ရောင်စုံကျောက်မျက်ရတနာ အမျိုးအစားပေါင်း ၁၀ဝ ကျော်ဖြင့် ကမ္ဘာ့ ကျောက်မျက်ရတနာရင်းမြစ်ကြီး တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ လတ်တလောတွင် မြန်မာအစိုးရအနေဖြင့် midstream နှင့် downstream အပိုင်း နှစ်ခုလုံးတွင် ကျောက်မျက်ရတနာ ဖွံဖြိုးတိုးတက်ရေးကို အားပေးနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ထိုင်းလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်နေပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများ စမ်းသပ်ရေးနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး ဓာတ်ခွဲခန်းတစ်ခုကိုလည်း တည်ထောင်ထားပြီး GIT နှင့်ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ကိုင်ရန် မျှော်လင့်နေပါသည်။ 

 “ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်တွေရှိပြီး ထိုင်းနိုင်ငံမှာက နည်းပညာ၊ ဗဟုသုတနဲ့ ဈေးကွက်ရှိပါတယ်။ GIT ဆီကနေ နည်းပညာနဲ့ နောက်ထပ်အထောက်အပံ့တွေ ကျွန်တော်တို့ လိုအပ်ပါတယ်၊ ပြီးတော့ ဗဟုသုတတွေလည်းရတယ်” ဟု သူက ပြောခဲ့သည်။

မလေးရှား ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ လုပ်ငန်း၏ အခွင့်အလမ်းနှင့် ပတ်သက်၍ မလေးရှား ရွှေပန်းထိမ်နှင့် ရတနာလုပ်ငန်းရှင်များအသင်းမှ အကြံပေးပုဂ္ဂိုလ် Ermin Siow က မလေးရှားပြည်သူ အများစုသည် ရွှေလက်ဝတ်ရတနာများ ဝယ်ယူ ရင်းနှီးမြှုပ်နှံရေးကို ပိုမိုနှစ်သက်ကြသော်လည်း၊ ချမ်းသာကြွယ်ဝသူများသည် ရောင်စုံကျောက်မျက်ရတနာများကို ပိုမိုစိတ်ဝင်စားလာကြပြီး ထိုင်းဈေးကွက်နှင့် အကျွမ်းတဝင်ရှိခြင်းကြောင့် ထိုင်းနိုင်ငံမှ ကျောက်မျက်များကို ဝယ်ယူလိမ့်မည်ဟု ဆိုခဲ့သည်။

“GIT မှာ ကျောက်မျက်ရတနာနဲ့ လက်ဝတ်ရတနာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ကျောက်မျက်ရတနာ စစ်ဆေးမှုဆိုင်ရာ ဗဟုသုတနဲ့ ပြည့်စုံသူတွေ ပါဝင်ပြီး၊ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဓာတ်ခွဲခန်း စံချိန်စံညွှန်းတွေနဲ့ တည်ထောင်ထားတာပါ။ မလေးရှားက ဓာတ်ခွဲခန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းကြောင့်၊ မလေးရှားက ကျောက်မျက်ရတနာတွေ၊ လက်ဝတ်ရတနာတွေနဲ့ ပတ်သတ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ဖို့ အရည်အသွေးစစ်ဆေး‌ရေး စံချိန်စံညွန်းတွေ ပိုကောင်းလာအောင် ကူညီမြှင့်တင်ပေးနိုင်မှာပါ။ အထူးသဖြင့် ရောင်စုံ ကျောက်မျက်ရတနာတွေ အတွက်ပါ။ ဒါက နောင်အနာဂတ်မှာ ထိုင်းနဲ့ မလေးရှားက ကျောက်မျက်ရတနာ ဈေးကွက်တွေကို ဖွံ့ဖြိုးတိုးတက်စေမှာပါ” ဟု သူက ပြောခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly