မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ (၁)

မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ (၁)

ငလျင်ကို ဘယ်အချိန် ဘယ်နေရာမှာ အင်အား ဘယ်လောက်နှင့် လှုပ်မည်ကို ခန့်မှန်းရန် မလွယ်။ မလွယ်ရခြင်း အကြောင်းရင်း ငလျင်စတင်ရာ အရပ်သည် မြေတွင်း အနက်တစ်နေရာ၊ မမြင်ရသော အရပ် ဖြစ်နေသောကြောင့် ဖြစ်သည်။ ဘူမိဗေဒသဘောအရ ပြတ်ရွေ့ကြီးများရှိရာအရပ်၌ ငလျင်ဖြစ်ကြိမ် များပြီးငလျင်နှင့်ပြတ်ရွေ့များ ဆက်စပ်ကြောင်းကိုပြောနိုင်သည်။ ကျောက်များကျိုးပျက်ခြင်းနှင့် ငလျင် ဆက်စပ်မှုကို ရှင်းပြနိုင်သည်။ သို့သော် အချိန်နှင့် အရွယ်အစား (ငလျင် ထုတ်လွှတ်သည့် စွမ်းအင်) ကို မခန့်မှန်းနိုင်သေး။ ထို့ကြောင့်ပင် ငလျင်အချိန်မရွေး ဖြစ်နိုင်သည်ဟူသော အယူအဆကို လက်ကိုင် ထားကြခြင်း ဖြစ်သည်။

မြန်မာပြည်သည် ငလျင်ကြီးများ လှုပ်လေ့ရှိသော တိုင်းပြည် ဖြစ်သည်။ ငလျင်သည် စွမ်းအင် seismic energy ထုတ်လွှတ်မှု အားနည်းသော် (သို့မဟုတ်) အရွယ်အစား size (magnitude) သေးသော် ထိခိုက် နိုင်သည့် မြေပေါ်အရပ်သည် သိပ်မသိသာ။ အရွယ်အစားကြီးမားခဲ့ပါက ထိခိုက်မှုအတိုင်းအတာ ကျယ်ပြန့် သောကြောင့် သတိထားနိုင်ရန် တင်ပြလိုက်ပါသည်။

မြန်မာပြည်၏ မြေထုချပ်ယန္တယား

တက်တိုးနစ် tectonics ခေါ်ကမ္ဘာကို ဖွဲ့စည်းသော မြေထုချပ်ကြီးများ ရွေ့လျားမှု ဖြစ်စဉ်၌ မြန်မာပြည်၏ အောက်ခံမြေထုချပ်သည်လည်း ပါရသည်။ ၁၉၈၀လွန် နှစ်များက တက်ပိုနီ (Tepponnei ယခု ပါမောက္ခ၊ စင်္ကာပူန်နန်ယန်း နည်းပညာတက္ကသိုလ် Earth Observatory of Singapore (EOS)) နှင့် အဖွဲ့က အိန္ဒိမြေထုချပ် ရွေ့လျားခြင်းနှင့် အတူ မြန်မာမြေထုချပ် လိုက်ပါရွေ့ကာမြန်မာ နောက်မြောက်ဖက်ရှိ အင်ဒို-မြန်မာတောင်တန်းကြီးများနှင့် စစ်ကိုင်းပြတ်ရွေ့တစ်လျောက် ငလျင်များ လှုပ်ခဲ့ကြောင်း ဖေါ်ပြ ခဲ့ကြသည်။

(Le Dain et al, 1983)။ အိန္ဒိယတိုက်မြေထုချပ်သည်တစ်နှစ်ပျှမ်းမျှ ၄၅ မီလီမီတာနှင့်  မြောက်ဖက်သို့ ရွေ့ကာ မြောက်ဖက်ရှိ ယူရေးယှခေါ် အာရှတိုက်နှင့် ဥရောပတိုက်မြေများပါသည့် မြေထုချပ်ကို ထိပ်ဆိုင်တွန်းတိုက်ခဲ့သည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက စခဲ့သော ထိုဖြစ်ရပ် နောက်ဆက်အဖြစ် သိပ်သည်းဆများသော အိန္ဒိယမြေထုချပ် India Plate က အောက်သို့ ငုပ်ဆင်းကာ Eurasia Plate က အပေါ်သို့ ထိုးတက်ခဲ့သည်။ မြေထုချပ်များထိပ်စပ်ရာ အနားစွန်းတစ်လျောက် တွန့်ခေါက်တောင်တန်းများ ဖြစ်စေခဲ့သည်။ ဥရောပမှ အယ်ပိုဒ်တောင်တန်း၊ အာရှမှ ဟိမဝန္တာတောင်တန်း ကြီးများ ဖြစ်သည်။ ထိုတောင်တန်းကြီးများ အတိုင်းပင် ငလျင်များ ဖြစ်ကြသဖြင့် အယ်ပိုဒ်-ဟိမဝန္တာ ငလျင်ရပ်ဝန်းဟု ဆိုကြသည်။ မြန်မာပြည်သည် ထို အယ်ပိုဒ်-ဟိမဝန္တာငလျင် ရပ်ဝန်း၏ တောင်ဖက်စွန်း အဆက်ဖြစ်သည်။   ပုံ (၁) တွင် ပြထားသည်။

ပုံ (၁) ဟိမဝန္တာနှင့် ဆက်စပ်အရပ်များ၏ တက်တိုးနစ်မြေပုံ။ Yin (2006)

အိန္ဒိယမြေထုချပ်သည် မြောက်ဖက်ပိုင်း၌ တွန်းတိုက်လျက်ရှိစဉ်မှာပင် လားရာမပြောင်းသော်လည်း အရှေ့ဖက်ရှိ (ယခု ရှမ်းကုန်းမြင့် အခြေမှ စ၍ အရှေ့ဖက် ပစိဖိတ်သမုဒ္ဒရာအထိ) ဆွန်ဒါမြေ Sundaland ဟု ခေါ်သော ကုန်းမြေ မြေထုချပ်ကိုပါ တွန်းတိုက်ခဲ့သည်။ မြန်မာနိုင်ငံအနောက်ဖက်ရှိ ချင်းတောင်၊ နာဂတောင်၊ ရခိုင်တောင်တန်းများသည် ဤနည်းနှင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

အန်ဒမန် ပင်လယ်အောက်ခင်းပြင်

မြန်မာပြည်တောင်ဖက်တွင် မုတ္တမပင်လယ်နှင့် ဆက်စပ်လျှက် အန်ဒမန်ပင်လယ်ရှိသည်။ အိန္ဒိယ သမုဒ္ဒယာနှင့် အန်ဒမန်ပင်လယ်ကို ပိုင်းခြားထားသည်မှာ အန်ဒမန်-နစ်ကိုဘာ ကျွန်းတန်းဖြစ်သည်။ ထိုကျွန်းတန်းသည်လည်း အိန္ဒိယ မြေထုချပ်က မြန်မာ မြေထုချပ် Burma Plate အောက်သို့ ငုတ်ဝင် တွန်းတိုက်ရာမှ ဖြစ်လာသည့် ကျွန်းတန်း ဖြစ်သည်။

အန်ဒမန်ပင်လယ်အောက်ခင်းပြင်သည် မြန်မာ မြေထုချပ်၏ တောင်ဖက်ပိုင်း ဖြစ်သည်။ သမုဒ္ဒရာ မြေထုချပ်ဖြစ်၍ ပါးသည်။ မြေထုချပ်ချင်း တွန်းတိုက်ကြသောအခါ ပါးသော ထိုနေရာသည် အစိပ်စိပ် ကွဲကုန်သည်။ ထို အက်ကွဲရာများသည် နောက်ပိုင်း ကမ္ဘာ့အတွင်းပိုင်းမှ ကျောက်ရည်ပူများ တွန်းထိုးထွက်ရာ လမ်းများ ဖြစ်ခဲ့ကြသည်။ ထိုကျောက်ရည်ပူများ တွန်းကန်သည့် အရှိန်ကြောင့်ပင် အပေါ်ယံအလွှာ crust သည် ဘေးသို့ ဆန့်ထွက်ကုန်ကြ၊ ရွေ့လျားမှုများ ဖြစ်ကြသည်။ ထိုနေရာကို အန်ဒမန် မြေထုချပ်များ ဆန့်ထွက်ဗဟိုချက် Andaman Spreading Centre ဟု ခေါ်သည်။

၎င်းဗဟိုချက်မှ မြောက်ဖက်ကို မြန်မာမြေထုချပ် Burma Plate ဟု ဆိုသည်။ မြန်မာမြေထုချပ်၏ အရှေ့ဖက်အနားသတ်သည် စစ်ကိုင်း ပြတ်ရွေ့ တစ်လျောက် ဖြစ်သည်။ အနောက်ဖက် အနားသတ် သည် အိန္ဒိယမြေထုချပ်နှင့် ထိစပ်ရာ ရခိုင်ကမ်းလွန် ဘင်္ဂလား ပင်လယ်အော် အတွင်းဖြစ်သည်။ အန်ဒမန်အရပ်၏ တက်တိုးနစ်မြေပုံကို ပုံ (၂)၌ ပြထားသည်။

ပုံ (၂) အန်ဒမန်တက်တိုးနစ် မြေပုံ။ (Curray, 2005)

ပြည်တွင်းမှပြတ်ရွေ့ကြီးများ

အထက်၌ပြခဲ့သော ဖြစ်စဉ်ကြီး ၂ ခုကြောင့် ပြည်တွင်း၌ ပြတ်ရွေ့ကြီးများ ဖြစ်ပေါ်လာကြကာ ထို ပြတ်ရွေ့ကြီးများ လှုပ်ရှားမှုကြောင့် ငလျင်များ ပေါ်ပေါက်ကြသည်။ စစ်ကိုင်းပြတ်ရွေ့သည် အထင်ရှားဆုံး ဖြစ်သည်။ မန္တလေးတက္ကသိုလ်ကထိက ဒေါက်တာဝင်းဆွေ (ယခု ဘူမိသိပ္ပံအသင်း ဥက္ကဌ)က စစ်ကိုင်း ပြတ်ရွေ့ကို ၁၉၈၀ တွင် လေ့လာ ဖေါ်ထုတ်ခဲ့သည်။ မြေထုချပ် အနားစွန်းဖြစ်ပြီး မြန်မာမြေထုချပ်က ၎င်းပြတ်ရွေ့အပေါ် မေးတင်ရွေ့နေသောကြောင့် ပုံပြောင်း ပြတ်ရွေ့ Transform Fault အမျိုးအစား ၌လည်း ထည့်သွင်းရသည်။ တောင်မှ မြောက်သို့ ပင်လယ်ဝမှ မန္တလေးမြောက်ဖက် တကောင်းအရပ် အထိ တဖြောင့်တည်း ၈၀၀ ကီလိုမီတာခန့် ရှိပြီး တကောင်း မြောက်ဖက်မှ ကချင်ပြည်နယ် တောင်တန်းများ အထိ ၄၀၀ ကီလိုမီတာခန့်သည် ပြတ်ရွေ့အခွဲများ နှင့် ဖွဲ့စည်းထားသည်။ ပုံ(၃)၌ ပြထားသည်။

ပုံ (၃) စစ်ကိုင်းပြတ်ရွေ့။ (Win Swe (1980), Ledain et al (1984)

မြန်မာပြည်တွင်းရှိ အခြား ပြတ်ရွေ့ကြီးများ ဖြစ်ပေါ်လှုပ်ရှားမှု၌ အိန္ဒိယတိုက်မြေ ရွေ့လျားမှုနှင့် စစ်ကိုင်း ပြတ်ရွေ့ အတိုင်း မြေထုချပ် ရွေ့လျားမှုတို့က အလွန်အရေးပါသည်။ ဥပမာပြရလျှင် ၂၀၀၃ခုနှစ်က တောင်တွင်းကြီး ငလျင်ကို ဖြစ်စေသော ကင်းပွန်းတောင် ပြတ်ရွေ့၊ ကသာမြစ်ကြောင်းအတိုင်း ရှိနေသော ကဘော်ပြတ်ရွေ့ စသည်တို့ ဖြစ်သည်။ အစောပိုင်း ဘူမိဗေဒမြေပုံများ၌ ကဘော်ပြတ်ရွေ့ကို မြောက်ဖက် ဟူးကောင်းချိုင့်ဝှမ်းမှ တောင်ဖက် ဧရာတိတိုင်းနှင့် ရခိုင်အစပ်ခန့်အထိ ဆွဲထားသည်။ သို့သော် ယခု ဖေါ်ပြသော ကဘော်ပြတ်ရွေ့သည် မြစ်သာမြစ်ကြောင်း အတိုင်း မြောက်ဖက် အိန္ဒိယ-မြန်မာနယ်စပ်ထိ ၃၅၀ ကီလိုမီတာခန့်ကို ဆိုသည်။

အိန္ဒိယတိုက်ရွေ့မှုသည် တိဗက်၊ တရုတ်ပြည် အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းများကိုပါ သက်ရောက်စေသည်။ ပုံ(၃ နှင့် ၄)တွင် တရုတ်ပြည် အနောက်တောင်ပိုင်း၌ စစ်ကိုင်း ပြတ်ရွေ့ ကဲ့သို့ ပြတ်ရွေ့ကြီးတစ်ခု ရှိသည်။ Red River Fault ဟု ခေါ်သည်။ ထိုပြတ်ရွေ့နှင့် အပြိုင်ဖြစ်သော မြန်မာပြည်တွင်းမှ ပြတ်ရွေ့မျာ ဖာပွန် ပြတ်ရွေ့ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့၊ ဖါပွန်ပြတ်ရွေ့နှင့် ထို Red River Fault တို့အတိုင်း မြေထုချပ်ရွေ့လျားမှုများက ရှမ်းကုန်းမြင့်ရှိ ပြတ်ရွေ့များ ဖြစ်ပေါ် လှုပ်ရှား စေသည်။ ယခုနှစ် ၂၀၁၁ အစောပိုင်းက အရှေ့ပိုင်း ရှမ်းပြည်၌ လှုပ်ခဲ့သော အင်အား ၆.၈ ရှိ တာလေ ငလျင်သည် နမ္မားပြတ်ရွေ့ လှုပ်ရှားမှုနှင့် ဆက်စပ်သည်။ ထိုနမ္မား ပြတ်ရွေ့အပါအဝင် ဝမ်တင်း၊ နမ်းတင်၊ လာရှိုး စသည့် ပြတ်ရွေ့များသည် စစ်ကိုင်းပြတ်ရွေ့နှင့် လားရာခြင်း ဆန့်ကျင် လျှက် ရွေ့ကြသည်။ ထိုပြတ်ရွေ့များသည် ကုန်းတွင်းပြတ်ရွေ့များ intraplate faults ဖြစ်ပြီး ရွေ့နှုန်းသည် စစ်ကိုင်းကဲ့သို့ မြေထုချပ်ချင်း ထိကပ်နေသော ပြတ်ရွေ့ interplate fault စာလျှင် ရွေ့နှုန်း နှေးသည်။ ငလျင်စတင်ရာ စောက်အနက် လည်း တိမ်လေ့ရှိသည်။ စောက်တိမ်သဖြင့် ငလျင်ဗဟိုချက်ပြင်အား ပိုတတ်သည်။


 
ပုံ (၄) ရှမ်းကုန်းမြင့်မှ ပြတ်ရွေ့ရှင်များ။ (from Lacassin et al, 1998)

အထက်၌ ပြခဲ့သော ရှမ်းကုန်းမြင့်မှ ပြတ်ရွေ့များအပြင် ရှမ်းကုန်းမြင့် အနောက်ပိုင်း၌ စစ်ကိုင်းပြတ်ရွေ့ အရင် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် လှုပ်ရှားမှု ရှိသည့် လက္ခဏာများ တွေ့ရသည့် ပြတ်ရွေ့အုပ်စုများ ရှိသေးသည်။ မြောက်ဖက် နောင်ချိုမြောက်ဖက်နားမှစပြီး အင်းလေးကို ဖြတ်ကာ လွိုင်ကော် တောင်ဖက် ထိ ဆက်သွားသော ၅၀၀ ကီလိုမီတာခန့် ရှည်လျားသော ကျောက်ကြမ်း ပြတ်ရွေ့ ဖြစ်သည်။

၁၉၁၂က မြန်မာပြည် ငလျင်မှတ်တမ်းတွင် အင်အားအပြင်းဆုံး ဆိုရမည့် မေမြို့ငလျင်သည် ဤပြတ်ရွေ့လှုပ်ရှားမှုနှင့် ဆက်စပ်သည်။ ငလျင်ဗဟိုချက်နှင့် နီးသော နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို အမှီပြု၍ ကျောက်ကြမ်း ပြတ်ရွေ့ဟု Latouche (1913) က အမည် ပေးထားခဲ့သည်။ စိုးမင်းနှင့် အဖွဲ့၏ ၂၀၁၀ ပြည့်နှစ်က လေ့လာတင်ပြချက်တွင် အဆစ်ပိုင်း ၃ ခု ကို ပြထားသည် ။မြစ်ငယ်မြစ်ကို ခေါက်ကွေ့စေသောအပိုင်း ကို မယ်ဟုန်အဆစ်ပိုင်း Mehong Segment ခေါ်ပြီး ၁၉၁၂ ငလျင်နှင့် တိုက်ရိုက် ဆက်စပ်သည်။ ပုံ (၅) တွင် ပြထားသည်။ အခြား ၂ ပိုင်းမှာ ကျောက်ဂူနှင့် အင်းလေး အဆစ်ပိုင်းများ ဖြစ်သည်။


 
ပုံ (၅) ကျောက်ကြမ်းနှင့် ပွန်ချောင်းပြတ်ရွေ့များ။

ရခိုင်ကမ်းလွန်မှ ပြတ်ရွေ့

အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ်များ ထိစပ်သည်နေရာသည် ရခိုင်ကမ်းလွန် ဘင်္ဂလား ပင်လယ် တွင်း၌ ဖြစ်သည်။ ထို ထိစပ်မှုသည် မြောက်ဖက် အာသံနယ်မှစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း ဗြဟ္မပုတ္တရမြစ်၊ ရခိုင်ကမ်းလွန်၊ အန္ဒမန်-နစ်ကိုဘာကျွန်းတန်းများမှတစ်ဆင့် အင်ဒိုနီးရှားအနောက်ဖက် ကမ်းလွန်ထိ ဆက်သွားသည်။ ပုံ(၆)၌ ထိုထိစပ်ကြောင်း၏ ရခိုင်ကမ်းလွန်အပိုင်း ကိုသာ ပြထားသည်။ Bengal Tectonic Boundary ဟု ခေါ်ကြသည်။

ပုံ(၆) အိန္ဒိယ-မြန်မာ မြေထုချပ် ထိစပ်ကြောင်း။ တြိဂံပုံလေးများက တွန်းတိုက်ငုတ်ဝင် သင်္ကေတများ ဖြစ်သည်။

ထို အိန္ဒိယ-မြန်မာ မြေထုချပ်ထိစပ်ကြောင်း တစ်လျောက် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်၏ အောက်သို့ တွန်းထိုး ငုတ်ဝင်နေသည်ဟု ဆိုကြသည်။ သို့သော် နောက်ပိုင်း တွေ့ရှိချက်များက တွန်းတိုက်ငုတ်ဝင် subduction and collision သော အပိုင်းသည် မြောက်ဖက်ပိုင်း၌သာ ထင်ရှားပြီး သံတွဲနေရာလောက်မှ တောင်ဖက်ပိုင်းသည် ဘေးတိုက်လျောထွက်သည့် သဘော strike-slip motion ကို တွေ့ရသည်။ ၁၉၅၀၌ ဖြစ်သော အာသံငလျင်သည် မြောက်ဖက်အဆစ်အပိုင်း၏ လှုပ်ရှားမှုနှင့် ဆက်စပ်ပြီး ၁၇၆၂ ရခိုင်ငလျင်ကြီးသည် တောင်ဖက်ပိုင်းနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။ ၁၇၆၂ ငလျင်ကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျောက် ကမ်းခြေ မြင့်တက်မှုများ ဖြစ်ခဲ့ပြီး Halstead (1841) ၏ မှတ်တမ်းအရ မာန်အောင်ကျွန်း (Cheedoba) အနောက်ဖက်ကမ်းရိုးတန်း ၆ မီတာခန့်အထိ မြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly