အလီဘာဘာဂူထဲမှာ ဂျက်မား လမ်းပျောက်နေပြီလား

By မောင်မြသာ
13 January 2021
အလီဘာဘာဂူထဲမှာ ဂျက်မား လမ်းပျောက်နေပြီလား

ဇန်နဝါရီလ ၁၃ ၊ ၂၀၂၁

တရုတ်ရဲ့ အင်မတန်မှ ကျော်ကြားတဲ့ နည်းပညာသူဌေးကြီးလည်းဖြစ် အရင်ကဆိုရင် နိုင်ငံ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဂျက်မား သို့မဟုတ် မာယွမ်ဟာ လူမြင်ကွင်းကနေ ပျောက်နေတာ နှစ်လကျော်နေပါပြီ။ သူ့ကို CCP ကနေ ဖမ်းဆီးပြီးထိန်းသိမ်းထားဆိုတဲ့ ကောလာဟလ ဗီဒီယိုတွေကလည်း တရုတ်ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ ပျံ့လို့နေပါတယ်။

ရှန်ဟိုင်းက Bund Summit ထိပ်သီးအစည်းအဝေးမှာတုံးက ဂျက်မားက တရုတ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေဟာ ပြုပြင်ပြောင်းလဲဖို့လိုတယ် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့လိုတယ်ဆိုပြီး ဝေဖန်ပြောလိုက်တဲ့ ကြေညာချက်ထွက်လာပြီးတဲ့နောက် တရုတ်အစိုးရဟာ မခံမရပ်နိုင်ဖြစ်ပြီးဒေါ်လာ ၃၇ ဘီလီယံတန်ဖိုးရှိတဲ့ Ant Group  ရဲ့ရှယ်ယာတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖျက်သိမ်းလိုက်ပါတယ်။ ဘီလျံနာသူဌေးကြီးရဲ့ ဘဏ်လုပ်ငန်းစနစ်တွေကို ‘အပေါင်ဆိုင်စိတ်ဓာတ်’ ဆိုခဲ့ပြီး  ကမ္ဘာလုံးမှာကျင့်သုံးနေတဲ့ ဘဏ်စည်းမျဉ်းစည်းကမ်းတွေနဲ့ တရုတ် စည်းမျဉ်းစည်းကမ်းတွေကို  ‘လူအိုတွေအသင်း’ ရယ်လို့ နှိုင်းယှဉ်ပြောခဲ့ပါတယ်။
 
ရှန်ဟိုင်း စတော့အိတ်ချိန်းဟာ တရုတ် Securities Regulatory Commission ရဲ့ သတ်မှတ်ချက်တွေအောက်မှာ အပြောင်းအလဲတွေလုပ်ရမယ်ဆိုတာကို အကြောင်းပြပြီး Ant Group ကို စတော့အိတ်ချိန်းစာရင်းတင်ဖို့ငြင်းတာကြောင့် ကုမ္ပဏီကအများပြည်သူကိုကြေညာမယ့်ရက်နားကပ်ကာမှ ရက်ရွှေ့လိုက်ရပါတယ်။ ပြောရရင် Ant Group မထင်မှတ်ဘဲ အရှိုက်ထိုးခံရလိုက်တာပါပဲ။
 
ဂျက်မားရဲ့ Ant Group ဟာ အမေရိကန်၏ PayPal လိုမျိုး Alipay မိုဘိုင်းငွေပေးချေတဲ့စနစ်လုပ်ပြီး တရုတ်နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ကို ပြင်းပြင်းထန်ထန်ပြောင်းလဲပစ်ခဲ့လိုက်ပါတယ်။ Alipay ဟာ ချေးငွေတောင်းခံတာကစလို့ အာမခံထားတာ၊ ဓနဥစ္စာစီမံခန့်ခွဲထားအထိ အမျိုးစုံလှတဲ့ ဝန်ဆောင်မှုတွေပေးပါတယ်။ Ant Group တဖြည်းဖြည်းကြီးပွားတိုးတက်လာခဲ့တာဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေ၊ စီမံခန့်ခွဲမှုတွေကို ဒီမိုကရေစီစနစ်နဲ့ လုပ်ဆောင်ခဲ့လို့ဖြစ်ပြီး ရိုးရာတရုတ်ဘဏ်တွေလွှမ်းမိုးထားတဲ့ ဓနဥစ္စာစီမံခန့်ခွဲမှုထုတ်ကုန်လောကနဲ့ ချေးငွေဈေးကွက်မှာ မတူကွဲပြားတဲ့ လုပ် ဆောင်မှုတွေကြောင့်လို့ တပ်အပ်ပြောလို့ရပါတယ်။
   
Ant Group လို ငွေရေးကြေးရေး နည်းပညာကုမ္ပဏီတွေဟာ တရုတ်နိုင်ငံလို စည်းမျဉ်းစည်းကမ်းဘောင်တွေ လျော့လျော့ရဲရဲရှိလှတဲ့နိုင်ငံမှာ စည်းမျဉ်းစည်းကမ်းဆိုင်ရာအခက်အခဲအနှောက်အယှက်မရှိလုပ်နိုင်ခဲ့ပြီး အသေးစားငွေချေးကုမ္ပဏီတွေအောင်မြင်ဖို့ အထောက်အကူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က ဒီလိုကုမ္ပဏီကြီးတွေ ပြိုင်ဘက်ကင်းလုပ်နေတာကို ပိတ်ပင်တားဆီးဖို့ ဗျူဟာနဲ့ ဈေးကွက်ကြီးကြပ်ရေးကိုတင်းကြပ်မယ့် ဥပဒေသစ်ကိုလုပ်ဆောင်လာခဲ့ပါတယ်။ Alibaba Group ကို ဒီဇင်ဘာ ၂၀၂၀ ထဲမှာ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုတွေလုပ်လာခဲ့ပါတယ်။ Alibaba က သတ်မှတ်ထားတဲ့စည်းကမ်းတစ်ခုရှိပါတယ်။ အဲဒါက သူ့ပလက်ဖောင်းပေါ်တင်ထားတဲ့ ကုန်ကို တစ်ခြားပလက်ဖောင်းပေါ်သွားရောင်းခွင့်မပေးပါဘူး။ သူ့ပလက်ဖောင်းပေါ်တင်ရောင်းမလား၊ တစ်ခြားပလက်ဖောင်းပေါ်တင်ရောင်းမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ခွင့်ပေးပါတယ်။ သူ့ဆီမှာပဲတင်ရောင်းပါ့မယ်ဆိုတဲ့သဘောတူညီချက်ကိုလက်မှတ်ထိုးမှသာလျှင် ရောင်းချခွင့်ပေးပါတယ်။ အခုတော့ အဲဒါဟာ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးရဲ့ ထောက်ကွက်ဖြစ်လာပါတော့တယ်။  တရုတ်ကွန်မြူနစ်ပါတီပေါ်လစ်ဗြူရိုက ဒါမျိုး လက်ဝါး ကြီးအုပ်တာတွေကို တိုက်ဖျက်ဖို့ကြိမ်းဝါးလိုက်ပြီး   ' စနစ်အကျအစီအစဉ်မဲ့၊ အရင်းဖြန့်ကျက်မှု အရိုင်းအစိုင်း' ရယ်လို့ဆိုပြီး ဖြတ်တောက်ထိန်းချုပ်မယ်လို့ ဆိုပါတယ်။
 
ဂျက်မားရဲ့ ကြီးပွားပြီးကြီးပွားနေတဲ့ ကုမ္ပဏီဟာ အမိန့်နာခံမှုနဲ့အသားကျနေတဲ့ မထင်မရှားကုမ္ပဏီလေးတွေနဲ့နှိုင်းစာလိုက်ရင် အာခံတတ်တဲ့ကောင်တွေရယ်လို့ဖြစ်လာပြီး အာဏာရှင်အစိုးရအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုရယ်လို့ ရှုမြင်စရာဖြစ်လာပါတော့တယ်။ ရှီကျင့်ဖျင်က Ant Group ရဲ့ IPO ကို ပုဂ္ဂိုလ်ရေးအရ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။ ဂျက်မား လူမြင်ကွင်းကနေ ပျောက်ဆုံးနေတာဟာ ရှေးရိုးစွဲ တရုတ်အာဏာပိုင်တွေရဲ့ အမျက်ဒေါသကို သွားဆွမိတဲ့ သူ့မိန့်ခွန်းတွေနဲ့  ဆက်စပ်လို့နေပါတယ်။ လူသိများထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်၊ မီဒီယာတွေနဲ့ ထိတွေ့ဆက်စပ်မှုလည်းကောင်းတဲ့ ဂျက်မားဟာ နောက်လိုက် ဖော်လိုဝါ ၆၁၂,၀၀၀ ရှိတဲ့ သူ့ တွစ်တာမှာ အောက်တိုဘာ ၁၀ ရက်နေ့ကစလို့ ဘာမှဆက်မတင်တော့ဘဲ ဗလာကျင်းနေပါတော့တယ်။  အာဖရိကစီးပွားရေးစွန့်ဦးတီထွင်သူ ၁၀ ယောက်ကို ဒေါ်လာ ၁.၅ သန်းထောက်ပံ့ငွေပေးအပ်မယ့် ‘အာဖရိက ရဲ့ စီးပွားရေးသူရဲကောင်းများ’ ရှိုးပွဲ နောက်ဆုံးပိုင်းမှာ ပါဝင်ဖို့စီစဉ်ထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အလီဘာဘာအမှုဆောင် လူစီပန်နဲ့ အစားထိုးခဲ့ရပါတယ်။ ဂျက်မားတစ်ယောက် ဝက်ဘ်စာမျက်တွေ၊ အရောင်းပြပွဲတွေ၊ အရောင်းမြှင့်တင်ရေးဗီဒီယိုတွေကနေ ကွယ်ပျောက်နေတာဟာ လူထုအတွက် သံသယပိုပိုတိုးလာစေပါတော့တယ်။
 
နဂါးကြီးရဲ့ ဆိုးရွားလှတဲ့ မူဝါဒတွေနဲ့ ပါဝါဒိုင်းနမစ်တွေ၊ ကွန်မြူနစ်ပါတီအဖွဲ့ဝင်တွေရဲ့ အတ္တတွေကို ခြိမ်းခြောက်လာတဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေကိုမဆို လူမဆန်တဲ့နည်းလမ်းတွေနဲ့ နှိမ်နင်းတတ်တာရှိနေလေတော့ ဂျက်မားပျောက်သွားတာ ဆန်းကြယ်လှတာတော့လည်း မဟုတ်ပြန်ပါဘူး။ ကူးစက်ရောဂါပျံ့နှံ့စေမှုမှာ ပါဝင်ပတ်သက်နေခဲ့တာကြောင့် တရုတ်ရဲ့ ပုံရိပ်ဆိုးဖြစ်နေချိန်မှာ ဂျက်မားလိုလူမျိုးကြောင့် တိုင်းပြည်ပုံရိပ်တက်စေပေမယ့် တရုတ်အာဏာပိုင်တွေအတွက်တော့ အာဏာနဲ့အနိုင်ကျင့်တာကို တွန့်ဆုတ်နေခဲ့ခြင်းလည်း မရှိပြန်ပါဘူး။ ဒီလုပ်ရပ်အောက်မှာ ဂျက်မားတစ်ယောက် လမ်းပျောက်နေခဲ့ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly