ဆွေးနွေးမည့်နေရာ ညှိနှိုင်းမှုအဆင်မပြေသဖြင့် NLD နှင့် KySDP တို့ ဆွေးနွေးပွဲပျက်

ဆွေးနွေးမည့်နေရာ ညှိနှိုင်းမှုအဆင်မပြေသဖြင့် NLD နှင့် KySDP တို့ ဆွေးနွေးပွဲပျက်
ဓာတ်ပုံ - စောသန်းထိုက်ဦး

၁၂ ရက်နေ့ ဇန်နဝါရီလ ၂၀၂၁

တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP ) နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တို့ တွေ့ဆုံဆွေးနွေးရန်အတွက် နေရာညှိနှိုင်းမှု အဆင်မပြေ သဖြင့် ပါတီနှစ်ခု တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ် ပျက်သွားခဲ့ကြောင်း KySDP မှ တွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးသဲရယ်က မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် တာဝန်ပေးအပ်ခံထားရသည့် NLD ပါတီမှ ကိုယ်စားလှယ်အဖွဲ့ သည် ကယားပြည်နယ်သို့ ရောက်ရှိနေပြီး ဇန်နဝါရီ ၁၂ ရက်တွင် ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

“ ဒေါက်တာ အောင်မိုးညို ကိုယ်တိုင် ဖုန်းဆက်လာတယ်။ သူက သူတို့ ပါတီမှာပဲ တွေ့ဖို့ ဗဟိုက သဘောထား ကျ တယ်၊ ဆုံးဖြတ်ချက်ချတယ်ပေါ့။ ကျနော်တို့ ပါတီကလည်း ပါတီရုံးမှာ တွေ့မယ်။ ပါတီရုံးမှာ မတွေ့နိုင် လို့ ရှိရင် တတိယနေရာကို ရွေးမယ်ဆိုပြီး ကျနော်တို့ပါတီကလည်း အဲလို ဆုံးဖြတ်ချက်ကျလာတယ်လို့ သူ့ကို ပြော တော့ အေဒါဆိုလည်း ပြီးတာပဲ ဒီအတိုင်းပဲ ထားခဲ့လိုက်တာ”ဟု ဦးသဲရယ်က ပြောသည်။

NLDပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသားပါတီ ၄၈ ပါတီနှင့်ဆွေးနွေးရန် ဖိတ် ခေါ်ခဲ့ပြီးနောက် လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ကို တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံဆွေးနွေးရန် တာဝန်ပေးအပ် ထားသည်။

NLD ကိုယ်စားလှယ်အဖွဲ့သည် ဒေသခံ တိုင်းရင်းသားပါတီနှင့် တွေ့ဆုံမည့် အစီအစဉ် ပျက်ခဲ့သော်လည်း ကယားပြည်နယ် မဲဆန္ဒနယ်များတွင် အနိုင်ရခဲ့သည့် NLD ပါတီ ကိုယ်စားလှယ်များနှင့် ပြည်နယ် ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

NLD ကိုယ်စားလှယ်အဖွဲ့သည်  ကယားပြည်နယ်သို့ မလာရောက်မီ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့်တွေ့ဆုံခဲ့သည်။ ထို့နောက် မွန်ညီညွတ်ရေးပါတီ (MUP) နှင့် တွေ့ဆုံဆွေးနွေးရေးစီစဉ်ထားခဲ့သော်လည်း ဆွေးနွေးမည့်နေရာ ညှိနှိုင်းမှု အဆင်မပြေသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required