မြန်မာ အပါဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တရားဝင်နေထိုင်ခွင့်ပေးရန် ထိုင်းစီစဉ် 

မြန်မာ အပါဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို တရားဝင်နေထိုင်ခွင့်ပေးရန် ထိုင်းစီစဉ် 
ဓာတ်ပုံ - ထိုင်းရေတပ်

ဇန်နဝါရီ ၁၂၊ ၂၀၂၁ 

ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်များမှတစ်ဆင့် တရားမဝင် ကျော်ဖြတ်ဝင်ရောက်လာသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများနှင့် သက်တမ်းကျော်လွန် နေထိုင်သော ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး အရေးယူခြင်း မပြုတော့ဘဲ သက်ဆိုင်ရာ ခရိုင်အလိုက် အလုပ်အကိုင် ရှာဖွေရေး ဦးစီးဌာနရုံးများတွင် စာရင်းပေးသွင်းကာ အလုပ် လုပ်ကိုင်ခွင့် ပန်းရောင်ကတ်များ လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ပုံ - ထိုင်းရေတပ် 

ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေစဉ် ကာလအတွင်း သက်တမ်းကုန်ဆုံးနေသည့် အလုပ် လုပ်ကိုင်ခွင့် ပန်းရောက်ကတ် ကိုင်ဆောင်ထားသူများ၊ တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးတော့မည် မဟုတ်ဘဲ အလုပ်ရှင်များနှင့် ညှိနှိုင်းကာ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ပြုမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ 

မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က “အဓိက ကတော့ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာ အပါအဝင်ပေါ့နော်၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့က ရွှေ့ပြောင်း အလုပ်သမားတွေက တော်တော်လေးကို ဒီမှာ များပါတယ်။ အဲဒါကို ထိုင်းအစိုးရက လိုက်လံ ဖမ်းဆီးနေမယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ကိုဗစ် ကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဖမ်းဆီးအရေးယူမှု မပြုလုပ်တော့ဘဲ ရှိနေပြီးသား၊ ရောက်နေပြီးသား လူတွေကို တရားဝင် နေထိုင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်တယ်” ဟု ပြောသည်။ 

ဓာတ်ပုံ - ထိုင်းရေတပ် 

အဆိုပါ တရားဝင် နေထိုင်ခွင့် ရရှိစေရန် ဆောင်ရွက်ချက်ကို ထိုင်းအစိုးရ၏ ဝန်ကြီးများအဖွဲ့ အစည်းအဝေး၏ (ကက်ဘိနက်၊ စုံညီ) ဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်၊ ဝင်ရောက် နေထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံသားများကို ဖမ်းဆီးခြင်း မပြုတော့ဘဲ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ကာလအတွင်း သက်ဆိုင်ရာ အလုပ်ရှင်များမှ မိမိတို့၏ တရားဝင် စာရွက်စာတမ်း အထောက်အထား မရှိသော အလုပ်သမားများအား ခေါ်ဆောင်၍ သတ်မှတ်ထားသည့် ခရိုင် အလုပ်အကိုင် ရှာဖွေရေး ဦးစီးဌာနရုံးများတွင် စာရင်းပေးသွင်းကာ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင်ခွင့် ပန်းရောင်ကတ်များ လျှောက်ထားရန် ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ 

ဓာတ်ပုံ - ထိုင်းရေတပ် 

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများမှ သဘာဝ လမ်းကြောင်းများကို အသုံးပြု၍ တရားမဝင် အလုပ်သမားများ ထပ်မံ ဝင်ရောက်လာနိုင်သောကြောင့် ထိုင်းအစိုးရ၏ ညွှန်ကြားမှုဖြင့် ထိုင်းဘုရင့် ရေတပ်၊ စစ်တိုင်း အမှတ် (၃) သည် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်း-မြန်မာ နယ်စပ် ရနောင်း - ကော့သောင်း နယ်ခြားရေပြင် လုံခြုံရေးကို Navy Seal အထူးတပ်ဖွဲ့များဖြင့် အင်အားဖြည့်ပြီး တင်းတင်းကျပ်ကျပ် ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။ 

ဓာတ်ပုံ - ထိုင်းရေတပ် 

အဆိုပါ အထူးတပ်ဖွဲ့သည် မြန်နှုန်းမြင့် လုံခြုံရေး ရေယာဉ်ငယ် နှစ်စီးဖြင့် ၂၄ နာရီလုံး နယ်စပ်ရေပြင် လုံခြုံရေးကို အခြားသော လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးတွဲ၍ တာဝန်ယူ ဆောင်ရွက်ထားကြောင်း သိရသည်။ ထိုင်း Navy Seal တပ်ဖွဲ့များသည် ရေပြင်/ရေအောက်/မြေပြင် တိုက်ခိုက်ရေးအတွက် အထူး လေ့ကျင့်ထားသော စွမ်းရည်မြင့် တပ်ဖွဲ့ဖြစ်သည်။ 

ကိုဗစ်ကာလတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ထိုင်းအစိုးရက လုံခြုံရေး အခြေအနေများကို တင်းကျပ်စွာ ဆောင်ရွက်ထားခြင်းကြောင့် လူပွဲစားများ၏ ပြောဆိုမှုများကို ယုံကြည်ပြီး နယ်စပ်ဖြတ်ကျော် သွားလာခြင်း မပြုလုပ်သင့်ကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly