အချိန်မရွေးဖြစ်လာနိုင်သော စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်စစ်တပ်အား ရှီကျင့်ဖျင်အမိန့်ပေး

အချိန်မရွေးဖြစ်လာနိုင်သော စစ်ပွဲအတွက် အသင့်ပြင်ထားရန် တရုတ်စစ်တပ်အား ရှီကျင့်ဖျင်အမိန့်ပေး

ဇန်နဝါရီ ၁၂ ၊၂၀၂၀

နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအတွက် နှစ်သစ်၏ပထမဦးဆုံးအမိန့်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က "အချိန်ပြည့်တိုက်ခိုက်နိုင်ရေးအဆင်သင့်"ရှိရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စွမ်းရည်မြှင့်တင်ရန် ရှေ့တန်းတွင်ကြုံနေရသောပဋိပက္ခကို အသုံးချရမည်ဟုဆိုသည်။ ထို့အပြင် ထိပ်တန်းညွှန်ကြားရေးအဖွဲ့ဖြစ်သော တရုတ်၏ ဗဟိုစစ်ရေးကော်မရှင် (CMC) ဥက္ကဌဖြစ်သော ရှီကျင့်ဖျင်က PLA အနေဖြင့် ယခုနှစ် စစ်ရေးလေ့ကျင့်မှုနှင့် လေ့ကျင့်ရေးများကို “အချိန်မရွေးလုပ်ဆောင်ရန်” အသင့်ရှိရမည်ဟု ပြောကြားခဲ့သည်။
 
PLA ၏လေ့ကျင့်ရေးများတွင် နည်းပညာအသုံးပြုမှုကို သိသိသာသာတိုးမြှင့်ရန်နှင့် စစ်တပ်နှင့် အဆင့်မြင့်နည်းပညာဗဟုသုတများ၏ နောက်ဆုံးတိုးတက်မှုများနှင့် ခေတ်နှင့်အမှီလိုက်ရန်လည်း အမိန့်ပေးခဲ့သည်။ လေ့ကျင့်မှုများတွင် ကွန်ပျူတာ ပုံရိပ်ယောင်များနှင့် အွန်လိုင်းတိုက်ခိုက်မှုများ အသုံးပြုခြင်းအပြင် လေ့ကျင့်ခြင်းတွေင် နည်းပညာ+ နှင့် ဝက်ဘ်+ဟု သိကြသော အဆင့်မြင့် နည်းပညာများနှင့် အင်တာနက်ကို ထည့်သွင်းရန် အခွင့်အလမ်းများ ပိုမိုရှာဖွေခြင်းတို့ပါဝင်သည်။

“PLAက လေ့ကျင့်ရေးနဲ့ တိုက်ခိုက်ရေးစနစ်တွေမှာ ကိရိယာအသစ်တွေ၊ တပ်ဖွဲ့အသစ်တွေနဲ့ တိုက်ခိုက်ရေးနယ်ပယ်အသစ်တွေ ပေါင်းစပ်ထည့်သွင်းတာကို တိုးမြှင့်သွားရမယ်”ဟု သူက ဆိုသည်။
 
အထူးသဖြင့် PLA၏ လက်ရှိ “ရှေ့တန်းစစ်တပ်ရုန်းကန်မှုများ”အတွက် ရှီ၏ မှတ်ချက်များသည် ၂၀၂၀ခုနှစ်အပါအဝင် ပြီးခဲ့သောနှစ်များက လက်နက်ကိုင်တပ်ဖွဲ့များအား “အကြပ်အတည်းများကို စီမံခန့်ခွဲရန်နှင့် စစ်ကိုဟန့်တားရန်” ညွှန်ကြားခဲ့သော အမိန့်များနှင့် လွန်စွာ ကွာခြားနေသည်။

သူက ရှေ့တန်းပဋိပက္ခများနှင့်ပတ်သက်၍ အသေးစိတ်မဖော်ပြသော်လည်း ၂၀၂၀ ခုနှစ်တွင်း အိန္ဒိယနှင့် အနောက်တောင်ဘက်နယ်စပ်ဒေသတွင် ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ပဋိပက္ခ ဖြစ်ပွားခဲ့ကာ အိန္ဒိယဘက်မှ သေဆုံးသူ ၂၀ ကျော်နှင့် တရုတ်ဘက်တွင်လည်း အတိအကျမဖော်ပြသော လူအသေအပျောက်များစွာရှိခဲ့သည်။ နှစ်ဖက်စလုံးသည် ရေခဲနေသော ဟိမဝန္တာတောင်တန်းများတွင် ကြာရှည်စွာတပ်စွဲထားဆဲဖြစ်သည်။
 
PLA သည် ပေကျင်းနှင့် ဝါရှင်တန်အကြား တင်းမာမှု အဆင့်တစ်ခုထိ မြှင့်လာခဲ့ချိန်တွင် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ် ကင်းလှည့်ယာဉ်များအား ဆက်လက်တန်ပြန်နေကာ ၂၀၂၀ ခုနှစ်အတွင်း ထိုင်ဝမ်ကို ပစ်မှတ်ထားသော စစ်ရေးလေ့ကျင့်မှုများနှင့် လေတပ်ပျံသန်းမှုဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့်ခဲ့သည်။

၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် သမ္မတတာဝန်နှင့် CMC ဥက္ကဌအဖြစ်တာဝန်ယူခဲ့ချိန်မှ စ၍ ရှီသည် PLA အား စစ်ပွဲအတွက်ပြင်ဆင်ရန် အဆက်မပြတ် တွန်းအားပေးခဲ့သည်။ သူသည် ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည့် တရုတ်စစ်တပ်အား ခေတ်မီအဆင့်မြှင့်တင်ခြင်းကို ၂၀၁၅ ခုနှစ်တွင် အကြီးစားပြင်ဆင်မှု စတင်ခဲ့သည်။
 
ဟောင်ကောင်အခြေစိုက် စစ်ရေးဆိုင်ရာ အစီရင်ခံရေးသားသူ Song Zhongpingက ရှီ၏ ၂၀၂၁ အမိန့်သည် စစ်ပွဲကိုအနိုင်ရရန်အတွက် PLA ၏ စွမ်းဆောင်နိုင်မှုကို အဆင့်မြှင့်တင်ရန်အတွက် အစီအစဉ်များအားလုံးကို ဆောင်ရွက်ရန် ရည်ရွယ်ကြောင်းပြသနေသည်ဟု ဆိုခဲ့သည်။ “တရုတ်ဟာ စစ်ပွဲအန္တရာယ်တွေကို ရင်ဆိုင်နေရတာတယ်ဆိုတာကို ဒီအမိန့်မှာ အလေးအနက်သိနိုင်တယ်”ဟု သူက ဆိုသည်။

PLA သည် သူ၏ နည်းပညာ+ နှင့် ဝက်ဘ်+ မဟာဗျူဟာအရ စစ်မှန်သော ပစ္စည်းကိရိယာများကို တုပရန်အတွက် ပုံရိပ်ယောက်များအား စစ်ဆင်ရေးတွင် စစ်နိုင်သမျှ ပြင်းထန်နိုင်သမျှ ဖြစ်နိုင်ရန် အွန်လိုင်းချိတ်ဆက် အသုံးပြုခြင်းကို တိုးမြှင့်ခဲ့သည်။
 
“ခေတ်အသစ်မှာ လေ့ကျင့်ရေးတွေက မတူကွဲပြားပြီးတော့ စစ်ပွဲဂိမ်းတွေမှာတောင် အဆင့်မြင့်နည်းပညာတွေ တပ်ဆင်ထားရမယ်”ဟု Song က ပြောသည်။

ပူးတွဲစစ်ဆင်ရေး စွမ်းရည်များ အတုပြုလုပ်နိုင်ရန် စစ်ရေးလေ့ကျင့်ခန်းသည် တပ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြရန်လိုအပ်ကြောင်းနှင့် လေ့ကျင့်ရေးအတွင်း စစ်သားများ၏ လုံခြုံရေးကို ကောင်းစွာစီမံခန့်ခွဲရမည်ဟု ရှီက အမိန့်ပေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ စစ်တပ်ဖွဲ့ဖြစ်သော PLA သည် ဇူလိုင် ၁ ရက်နေ့တွင် ပါတီတည်ထောင်ခြင်း၏ နှစ်၁၀၀ပြည့် အထိမ်းအမှတ်အဖြစ် ‘အလွန်ကောင်းမွန်သော လုပ်ဆောင်မှုများ’နှင့်အတူ CMC နှင့် CPC မှ အမိန့်များအား ပြတ်သားစွာ အကောင်အထည်ဖော်ရမည်ဟု သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly