အသက် ၂၃ နှစ်မပြည့်မီ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ သွင်းနိုင်သည့် ပဥ္စမမြောက်ကစားသမားအဖြစ် လူကာကူ မှတ်တမ်းဝင်

အသက် ၂၃ နှစ်မပြည့်မီ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ သွင်းနိုင်သည့် ပဥ္စမမြောက်ကစားသမားအဖြစ် လူကာကူ မှတ်တမ်းဝင်

အဲဗာတန်တိုက်စစ်မှူး လူကာကူသည် အဲဗာတန်အသင်းက ဗီလာအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် အသက် ၂၃ နှစ်မပြည့်မီ ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ သွင်းယူနိုင်သော ပဉ္စမမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

လူကာကူသည် ယခုပွဲမတိုင်မီက ၄၉ ဂိုးသွင်းယူထားနိုင်ပြီး ယခုပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခြင်းကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး ၅၁ ဂိုးအထိရှိသွားပြီဖြစ်သည်။ ထို့ကြောင့် လူကာကူသည် ရော်ဘီဖောင်လာ၊ မိုက်ကယ်အိုဝင်၊ စီရော်နယ်ဒိုနှင့် ဝိန်းရွန်နီတို့နှင့်အတူ စံချိန်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။

လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာမှာ ၁၉၉၅ ခုနှစ်က မန်ယူကို လီဗာပူးလ်က ၂-၀ ဖြင့်အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုး နှစ်ဂိုးစလုံးသွင်းယူပြီး အသက် ၂၃ နှစ်မပြည့်မီ ဂိုး ၅၀ သွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးခဲ့သည်။ အသက် ၂၀ နှစ်နှင့် ၈ လဖြင့် ထိုစံချိန်ကို ရရှိခဲ့သည်။

မိုက်ကယ်အိုဝင်မှာ ၂၀၀၀ ခုနှစ်က ဂိုး ၅၀ သွင်းယူနိုင်ပြီး ဖောင်လာ၏အသက်ထက် ၄ ရက်နောက်ကျကာ သွင်းယူနိုင်ခြင်းဖြစ်သည်။ မန်ယူတိုက်စစ်မှူး ရွန်နီမှာ ၂၁ နှစ်၊ ၁ လတွင် ဂိုး ၅၀ ပြည့်ခဲ့သည်။ နောက်ဆုံး ထိုစံချိန်ကို ရရှိခဲ့သူမှာ စီရော်နယ်ဒိုဖြစ်ပြီး ၂၀၀၈ ခုနှစ်က အသက် ၂၃ နှစ်မပြည့်မီ သွင်းယူခဲ့သည်။

လူကာကူသည် ချယ်လ်ဆီးအသင်းတွင် ကစားစဉ်က ပရီးမီးယားလိဂ်တွင် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ဘဲ ဝက်စ်ဘရွန်းတွင် ၁၇ ဂိုး၊ အဲဗာတန်တွင် အငှားကစားစဉ်က ၁၅ ဂိုး၊ ပြီးခဲ့သည့်ရာသီက ၁၀ ဂိုးနှင့် ယခုရာသီတွင် ၉ ဂိုး စုစုပေါင်း ၅၁ ဂိုးသွင်းယူထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly