နစ္စတယ်ရွိုင်း၏ ပရီးမီးယားလိဂ် ၁၀ ပွဲဆက် ဂိုးသွင်းစံချိန်ကို ဗာဒီ လိုက်မီ

နစ္စတယ်ရွိုင်း၏ ပရီးမီးယားလိဂ် ၁၀ ပွဲဆက် ဂိုးသွင်းစံချိန်ကို ဗာဒီ လိုက်မီ

လက်စတာစီးတီးတိုက်စစ်မှူး ဂျေမီဗာဒီသည် နယူးကာဆယ်အသင်းအား လက်စတာအသင်းက အနိုင်ရရှိသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် မန်ယူတိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း၏ ပရီးမီးယားလိဂ် ၁၀ ပွဲဆက် ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်သည်။

လက်စတာအသင်းသည် နယူးကာဆယ်အသင်းကို အဝေးကွင်းတွင် ဝ-၃ ဂိုးဖြင့်အနိုင်ရခြင်းဖြစ်ပြီး ဗာဒီက ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့ကာ ကျန်နှစ်ဂိုးကို အူလိုအာနှင့် အိုကာဇာကီတို့က သွင်းယူပေးခဲ့သည်။

မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၏ ၁၀ ပွဲဆက် ဂိုးသွင်းနိုင်မှုမှာ ရာသီနှစ်ခုတွင် သွင်းယူခြင်းဖြစ်ပြီး ဗာဒီမှာ တစ်ရာသီတည်းတွင် သွင်းယူနိုင်ခြင်းဖြစ်သည့်အတွက် ရာသီတစ်ခုအတွင်း ၁၀ ပွဲဆက်ဂိုးသွင်းနိုင်သည့် ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။

ဗာဒီသည် ထိုပရီးမီးယားလိဂ် ၁၀ ပွဲတွင် သွင်းဂိုးပေါင်း ၁၂ ဂိုးအထိသွင်းယူထားသည်။ သြဂုတ်လ ၂၉ ရက်နေ့က ဘုန်းမောက်အသင်းနှင့် ၁-၁ သရေကျခဲ့သည့်ပွဲမှ စတင်ကာ ဂိုးသွင်းယူခဲ့ပြီး ယခု နယူးကာဆယ်နှင့်ပွဲစဉ်အထိ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဗာဒီသည် စုစုပေါင်း ၁၃ ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

ဗာဒီသည် လာမည့် မန်ယူနှင့်ပွဲစဉ်တွင် နစ္စတယ်ရွိုင်း၏ စံချိန်ကို ဖြတ်ကျော်ရန် အခွင့်အရေးရရှိနေပြီဖြစ်သည်။

ဗာဒီသည် ယခုပွဲမတိုင်မီက ကြံ့ခိုင်မှု မပြည့်ဝသည့်အတွက် အင်္ဂလန်အသင်း၏ ပွဲစဉ်များတွင် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ နောက်ဆုံးအချိန်ရောက်မှ ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။

ယခုပွဲတွင် လက်စတာအသင်းအနိုင်ရပြီး မန်စီးတီးနှင့်အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ကြသည့်အတွက် လက်စတာအသင်းမှာ ရမှတ် ၂၈ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိသွားပြီဖြစ်သည်။ ၎င်းတို့၏နောက်တွင် မန်ယူ ၂၇ မှတ်၊ မန်စီးတီး ၂၆ မှတ်၊ အာဆင်နယ် ၂၆ မှတ်တို့ဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။

ဗာဒီ၏ ပရီးမီးယားလိဂ် ၁၀ ပွဲဆက် သွင်းဂိုးများ

ဘုန်းမောက် ၁-၁ လက်စတာ (တစ်ဂိုး၊ ပင်နယ်တီ)

လက်စတာ ၃-၂ ဗီလာ (တစ်ဂိုး)

စတုခ် ၂-၂ လက်စတာ (တစ်ဂိုး)

လက်စတာ ၂-၅ အာဆင်နယ် (နှစ်ဂိုး)

နောဝှစ်ချ် ၁-၂ လက်စတာ (တစ်ဂိုး၊ ပင်နယ်တီ)

ဆောက်သမ်တန် ၂-၂ လက်စတာ (နှစ်ဂိုး)

လက်စတာ ၁-၀ ပဲလေ့စ် (တစ်ဂိုး)

ဝက်စ်ဘရွန်း ၂-၃ လက်စတာ (တစ်ဂိုး)

လက်စတာ ၂-၁ ဝက်ဖို့ဒ် (တစ်ဂိုး၊ ပင်နယ်တီ)

နယူးကာဆယ် ဝ-၃ လက်စတာ (တစ်ဂိုး)

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly