သမီးမိန်းခလေးမွေးသည့် ဇူကာဘာ့ နှစ်လတာ ဖခင်ခွင့်ရက်ယူမည်

သမီးမိန်းခလေးမွေးသည့် ဇူကာဘာ့ နှစ်လတာ ဖခင်ခွင့်ရက်ယူမည်

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၂၂ ။ ။ အမေရိကန် စီအီးအိုများထဲမှ အလုပ်အများဆုံးနှင့် သြဇာအကြီးဆုံး တစ်ယောက်ဖြစ်သည့် Facebook Inc ၏ စီအီးအိုဖြစ်သည့် မာ့ခ် ဇူကာဘာ့က မိသားစုအချိန်ကို တန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် သမီးမွေးဖွားပြီးနောက်တွင် နှစ်လတာ ဖခင်ခွင့်ယူမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ရက်နေ့က ပြောကြားခဲ့သည်။

ပါရမီရှင်များကို သိမ်းသွင်းထိန်းသိမ်းထားနိုင်ရန် ကြိုးစားသည့်အနေဖြင့် ဆီလီကွန်တောင်ကြား နည်းပညာကုမ္ပဏီများက ဖခင်ခွင့်ရက်နှင့် အခြားခံစားခွင့်များကို အပြိုင်အဆိုင် တိုးချဲ့ကမ်းလှမ်းနေသော်လည်း အလုပ်သမား အတော်များများကမူ အလုပ်တွင် နောက်ကျကျန်ရစ်နေမည် (သို့မဟုတ်) ရာထူးတိုးရာတွင် ချန်လှပ်ခံရမည်စိုးသောကြောင့် ခံစားခွင့်များကို မရယူရဲကြပေ။

ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လူမှုကွန်ရက်ဖြစ်သည့် Facebookက ၎င်း၏ အမေရိကန်ဝန်ထမ်းများကို မိခင်၊ ဖခင်ခွင့် ၄လကျော်အထိ ယူရန် ခွင့်ပြုထားပြီး ထိုခွင့်ရက်များကို တစ်ကြိမ်တည်းသော်လည်းကောင်း ကလေးမွေးပြီး ပထမနှစ် တစ်လျှောက်လုံးတွင်သော်လည်းကောင်း ယူခွင့်ပြုထားသောကြောင့် အမေရိကန်စံနှုန်းများဖြင့် ကြည့်ပါက အလွန်ရက်ရောသော ပေါ်လစီပင်ဖြစ်သည်။ ဇူကာဘာ့က သူနှင့် သူ့ဇနီး ပရစ်စီလာချန်တို့တွင် သမီးမိန်းခလေး ထွန်းကားလာတော့မည်ဖြစ်ကြောင်း ဇူလိုင်လက ကြေညာခဲ့သည်။   

လူ့စွမ်းအားအရင်းမြစ် စီမံခန့်ခွဲမှုအသင်းကြီး၏ ၂၀၁၅ခုနှစ် သုတေသနအရ ကုမ္ပဏီများ၏ ၂၁ရာခိုင်နှုန်းက လစာပေးမိခင်ခွင့် ပေးထားချိန်တွင် ၁၇ရာခိုင်နှုန်းကသာ လစာပေးဖခင်ခွင့် ပေးထားသည်ဟု ဆိုသည်။
ဇူကာဘာ့က ၎င်း၏ Facebook စာမျက်နှာတွင် လမ်းလျှောက်ကုလားထိုင်၊ အဝါရောင်ကလေးပိုးစင်နှင့် သူ့ခွေး Beast ပုံများနှင့်အတူ ဒါက ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ပါ။ အလုပ်လုပ်နေတဲ့ မိဘနှစ်ပါးက သူတို့ရဲ့ မွေးကင်းစကလေးနဲ့ အချိန်ပေးပြီးနေတဲ့အခါ ကလေးတွေနဲ့ မိသားစုတွေအတွက် ရလဒ်တွေက ပိုကောင်းတတ်တယ်လို့ သုတေသနေတွေက တွေ့ရှိထားပါတယ်ဟု ရေးသားခဲ့သည်။

သို့ရာတွင် ဇူကာဘာ့ (၃၁နှစ်)က သူမရှိချိန်တွင် ကုမ္ပဏီကို မည်သူက ထိန်းကျောင်းလည်ပတ်မည်ဆိုသည်ကိုမူ ပြောကြားခြင်းမရှိပေ။ စုံစမ်းသည့်အခါတွင်လည်း Facebookက ချက်ချင်းတုန့်ပြန် ဖြေကြားနိုင်ခြင်းမရှိပေ။  

Facebook ၏ ကြော်ငြာမှန်သမျှကို ကြီးကြပ်နေသည့် ဈေးကွက်အရာရှိချုပ် ရှာရိုင်း ဆင်းဘာ့ကပင် စီအီးအိုနေရာကို ယာယီတာဝန်ယူမည့်ပုံ ပေါ်နေသည်။ ထုတ်ကုန်များကို ဇူကာဘာ့ကိုယ်တိုင် ကြီးကြပ်လေ့ရှိသော်လည်း သူမရှိချိန်တွင်မူ ထုတ်ကုန်အရာရှိချုပ် ခရစ် ကို့ဇ်အပေါ်တွင် မှီခိုရမည့်ပုံ ပေါ်နေသည်။
အဆင့်မြင့် နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိများ အထူးသဖြင့် အမျိုးသားများကြားတွင် ဇူကာဘာ့လို ဆုံးဖြတ်ချက်မျိုးမှာ ရှားတောင့်ရှားပါးပင် ဖြစ်သည်။ Yahoo Inc၏ စီအီးအို မာရစ်ဆာ မေယာမှာ ၂၀၁၂ခုနှစ်က ပထမဆုံးကလေး မီးဖွားချိန်တွင် ခွင့်နှစ်ပတ်သာ ယူခဲ့ပြီး စက်တင်ဘာလက ရုပ်တူမိန်းခလေးအမွှာကို ကိုယ်ဝန်ဆောင်ထားရသည်ဟု ကြေညာချိန်တွင်လည်း အလွန်နည်းပါးသော မိခင်ခွင့်ရက်သာ ယူမည်ဟုလည်း ပြောကြားခဲ့သည်။

ဇူကာဘာ့၏ ပို့စ်မှာ တစ်နာရီခန့်မျှသော အချိန်အတွင်းတွင် ကြိုက် (like) ၅သောင်းကျော်နှင့် မှတ်ချက် ၃၀၀၀နီးပါး ရသည်။ မှတ်ချက်အများစုက အမေရိကန်၏ မိဘခွင့်ပေါ်လစီနှင့် ပတ်သက်သည့် အပြုသဘောဆောင်သည့် မက်ဆေ့ချ်ကို ပေးပို့လိုက်ခြင်းပင်ဖြစ်ကြောင်း သူ၏ ဆုံးဖြတ်ချက်ကို ချီးကျူးထားခြင်းပင် ဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly