ကမ္ဘာနှင့်အဝှမ်း ဒုက္ခသည်အကျပ်အတည်းကို မီးမောင်းထိုးပြရန် မလေးရှား ဒုက္ခသည်စခန်းကို အိုဘားမားသွားရောက်

ကမ္ဘာနှင့်အဝှမ်း ဒုက္ခသည်အကျပ်အတည်းကို မီးမောင်းထိုးပြရန် မလေးရှား ဒုက္ခသည်စခန်းကို အိုဘားမားသွားရောက်

ကွာလာလမ်ပူ၊ နိုဝင်ဘာ-၂၂ ။ ။ ရီပတ်ဘလီကင်များက အမေရိကန်၏ ဆီးရီးယားဒုက္ခသည်များအား လက်ခံမှုကို ပိတ်ဆို့ရန် ကြိုးစားနေချိန်တွင် ကမ္ဘာနှင့်အဝန်း ရွှေ့ပြောင်းအခြေချ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး နိုင်ငံများက ပိုမိုမေတ္တာထားကြရန် ၎င်း၏ တိုက်တွန်းမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက နိုဝင်ဘာလ ၂၁ရက်နေ့က မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုသို့ သွားရောက်ခဲ့သည်။

ကွာလာလမ်ပူရှိ Dinginty for Children Foundation တွင် သူ တွေ့ဆုံခဲ့သည့် ကလေးငယ်များနှင့် ပတ်သက်၍ အိုဘားမားက မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ မျက်နှာတွေတင်မဟုတ်ဘူး။ ဒါဟာ ဆီးရီးယားကလေးငယ်၊ အီရတ်ကလေးငယ်တွေရဲ့ မျက်နှာတွေလည်း ဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

ထိုစင်တာရှိ ကလေးငယ်အများစုမှာ မြန်မာနိုင်ငံတွင် ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာကြသည့် မွတ်စလင် ရိုဟင်ဂျာများဖြစ်သည်။

ဆက်လက်ပြီး အိုဘားမားက သူတို့ကို ကြောက်စရာအဖြစ်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ကနော်တို့ရဲ့ နိုင်ငံရေးက သူတို့ရဲ့ ဒုက္ခသောကတွေကို ကျောခိုင်းစေလိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ အကောင်းဆုံးအစိတ်အပိုင်းကို ကိုယ်စားမပြုနိုင်တော့ပါဘူးဟုလည်း ဆီးရီးယားဒုက္ခသည်များ စီးဝင်မှုကို ပိတ်ဆို့ရန် ကြိုးစားနေသည့် ရီပတ်ဘလီကင် ဝေဖန်သူများကို ရည်ညွှန်းပြောကြားခဲ့သည်။  
 
ပါရီတွင် အစ္စလာမ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် နောက်နှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၀၀၀၀၀ကျော် အမေရိကန်တွင် ခိုလှုံခွင့်ပေးမည့် သူ၏ အစီအစဉ်နှင့် ပတ်သက်ရျ် ငြင်းခုန်မှုများ အကျယ်အကျယ် ဖြစ်ပွားလာနေချိန်တွင် အိုဘားမားက ယခုကဲ့သို့ ဒုက္ခသည်စခန်းတစ်ခုကို သွားရောက်လေ့လာခဲ့ခြင်းပင် ဖြစ်သည်။

ဒုက္ခသည်များနှင့်အတူ စစ်သွေးကြွများ စိမ့်ဝင်လာကာ ပါရီပုံစံတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု ဆိုကာ ဆီးရီးယား ဒုက္ခသည်များ ဝင်ခွင့်ပြုမည့်အစီအစဉ်ကို ဆိုင်းငံ့ (သို့မဟုတ်) ရပ်တန့်ထားရန် အမေရိကန်လွှတ်တော်အမတ်များက အိုဘားများကို တိုက်တွန်းနေကြသည်။

သူတို့ဟာ အမေရိကန်ပြည်ထောင်စုကို ဝင်လာမယ့် မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေကို ကြောက်ရွံ့နေပုံရတယ်ဟု အိုဘားမားက သူ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံတက်ရောက်နေရာ မနီလာတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာဖွယ်ရှိသည့် ဒုက္ခသည်များကို စောင့်ကြေည့်သည့်စနစ်မှာ ခိုင်မာလှပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ကောင်းမွန်သော ဆုံးဖြတ်ချက်များကို သွေးရူးသွေးတန်း ချဲ့ကားလွန်းသည့် အန္တရာယ်အပေါ်တွင် အခြေခံ၍ ချမှတ်ခြင်းမဟုတ်ကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

ကွာလာလမ်ပူ ဒုက္ခသည်စခန်းသို့ သွားရောက်ရသည့် တစ်ခုသော ရည်ရွယ်ချက်မှာ ကမ္ဘာနှင့်အဝှမ်းတွင် ဒုက္ခသည်အရေအတွက်မှာ အစဉ်အဆက်မကြုံဖူးလောက်အောင် များပြားလာနေပြီး ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရာတွင် ခေါင်းဆောင်အခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ဝါရှင်တန်အနေဖြင့် ပြသရန် လိုအပ်သောကြောင့် ဖြစ်သည်ဟုလည်း အိုဘားမားက နိုဝင်ဘာ ၂၁ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘာကြီးက ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ဒုက္ခသည်အကျပ်အတည်းကိုပဲ အာရုံစိုက်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ကမ္ဘာရဲ့ စစ်ဒဏ်ခံနေရတဲ့ တခြားအစိတ်အပိုင်းတွေက အခြားဒုက္ခသည်တွေကိုလည်း မေ့မထားပါဘူးဟု အိုဘားမားက ဒုက္ခသည်အုပ်စုတစ်စုနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

ကုလဒုက္ခသည်အေဂျင်စီ၏ ခန့်မှန်းချက်အရ ကမ္ဘာနှင့်အဝန်းတွင် လူပေါင်း သန်း၆၀ခန့်မှာ အကြမ်းဖက်မှုများကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags