ရခိုင်နှင့် ရှမ်းတွင် ရွေးကောက်ပွဲအမြန်ကျင်းပရေး UEC ကိုတပ်မတော်တိုက်တွန်း

ရခိုင်နှင့် ရှမ်းတွင် ရွေးကောက်ပွဲအမြန်ကျင်းပရေး UEC ကိုတပ်မတော်တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၈

ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိခဲ့သည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ထဲရှိနေရာအချို့တွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး  သက်ဆိုင်ရာအဖွဲ့အစည်းများအားတိုက်တွန်းကြောင်း တပ်မတော်မှတိုက်တွန်းထုတ်ပြန်လိုက်သည်။

ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲပြန်ကျင်းပနိုင်ရေး ရခိုင့်တပ် (AA) နှင့် တပ်မတော်နှင့်ဆွေးနွေးပြီးသည့်နောက် NLD ကိုယ်စားလှယ်လောင်း သုံးဦးကိုပြန်လွတ်မြောက်ခဲ့သလို နှစ် လနီးပါး သေနတ်သံများတိတ်နေခဲ့သည်။

သို့သော်လည်း အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့မှ ရွေးကောက်ပွဲပြန်လည်ကျင်းပရေးနှင့်ပက်သက်၍ အသံတိတ်နေသည်။

UEC မှအကြောင်းကြားခြင်းမရှိသေးသော်လည်း ရခိုင်ပြည်နယ်ရွေး/ကော် ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်လက်မှတ်အချို့ရရှိရေးနှင့် ကော်မရှင်ဝန်ထမ်းအချို့ကို သင်တန်းပေးပြီးပါက ရွေးကောက်ပွဲချက်ချင်းလုပ်နိုင်ကြောင်းဆိုသည်။

နောက်ထပ်အခက်အခဲတစ်ခုမှာ လုံခြုံရေးအကြောင်းပြ နုတ်ထွက်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည်ခန့်အပ်ပေးရန်လိုကြောင်းလည်း ပြည်နယ်ကော်မရှင် ဉက္ကဋ္ဌ ဒေါ်တင်လှိုင်ကရှင်းပြသည်။

“ အုပ်ချုပ်ရေးပိုင်းကဆောင်ရွက်ဖို့လိုတယ်ပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဝင်ပြီးတော့ တာဝန်ထမ်းဆောင်ရမယ့်ကိစ္စ ရှိမှာပေါ့လေ။ ဒါနဲ့မှ ချိတ်ဆက်ပြီး ကော်မရှင်အဖွဲ့ခွဲတွေကလုပ်ငန်းဆောင်ရွက်ရမှာကို ဆိုတော့အဲ့ကိစ္စတွေတော့ လိုအပ်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်မှုမရှိ၍ ရွေးကောက်ပွဲကျင်းပရန်မသင့်ဟုဆိုကာ ရခိုင်ပြည်နယ်ထဲမှ မြို့နယ် ကိုးမြို့နယ်နှင့် ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိခဲ့သည်။

သို့သော် ရွေးကောက်ပွဲကျင်းပခြင်းနှင့်ပက်သက်၍ ရက်သတ်မှတ်အတည်ပြုခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှသာ အတည်ပြုဆုံးဖြတ်ပိုင်ခွင့်ရှိနေခြင်းဖြစ်သည်။

 “ အခုရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နေရာတွေကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာရှိမှာပေါ့ဗျာ။ ဒါကို ၂၀၂၀ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲရွေးကောက်ပွဲဆိုရင်တော့ လွှတ်တော်တို့ဘာတို့မခေါ်ခင်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တော့လည်း ဒီတိုင်းကျင်းပလို့ရပါတယ်။ မဲစရင်းတွေအဆင်သင့်ရှိတယ်။ ပညာပေးလုပ်ငန်းတွေအတွက်လည်းအချိန်မီတယ်ဆိုရင်တော့ ကျင်းပဖို့သင့်ပါတယ်။ အဲ့လိုမဟုတ်ဘူး လွှတ်တော်ခေါ်ပြီးပြီ။ အစိုးရဖွဲ့ပြီးသွားပြီဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲ သဘောမျိုးဖြစ်သွားနိုင်တယ်” ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသည့် PACE အဖွဲ့အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကသုံးသပ်သည်။

ကြားဖြတ်ရွေးကောက်ပွဲများကို လွှတ်တော်၏ ပထမသက်တမ်းနှင့် နောက်ဆုံးသက်တမ်းတွင်ပြုလုပ်ခွင့်မရှိဟု ဉပဒေတွင်ပြဌာန်းထားခြင်းကြောင့်ဖြစ်သည်။

လာမည့် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင်လွှတ်တော်များစတင်ခေါ်ရမည်ဖြစ်ပြီး ဧပြီ လတွင်အစိုးရဖွဲ့ကြရတော့မည်ဖြစ်၍  မဲပေးခွင့်ဆုံးရှုံးထားသည့် ပြည်သူ တစ်သန်းကျော်သည် ၂၀၂၂ ခုနှစ်မှ မဲပေးရဖွယ်ရှိနေသည်။

သို့သော်လည်း ၂၀၂၁ တွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ချင်ပါက UEC အနေဖြင့် ရွေးကောက်ပွဲဉပဒေပါ အချက်ကိုပြင်ဆင်မည်ဖြစ်သည်။

ထို့ကြောင့် ရခိုင်ပါတီ၊ လူမှုအဖွဲ့အစည်းများနှင့် တပ်မတော်၊ AA အဖွဲ့တို့၏ ရွေးကောက်ပွဲပြန်ကျင်းပပေးရေးတိုက်တွန်းချက်များနှင့်ပက်သက်၍ UEC မှမည်သို့ဆုံးဖြတ်မည်ကိုစောင့်ကြည့်ရန်သာ ရှိနေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required