NLD နဲ့ ညီညွတ်ရေးမှသည် မညီညွတ်ရေးသို့

NLD နဲ့ ညီညွတ်ရေးမှသည် မညီညွတ်ရေးသို့
ပုံ - NLD ထောက်ခံသူများ ရွေးကောက်ပွဲအနိုင်ရလို့ အောင်ပွဲခံနေစဉ် (ပုံ-AFP)

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခင် နိုဝင်ဘာလအထိ မည်သည့် ပါတီနှင့်မျှ မဟာမိတ် ဖွဲ့စည်းထားမှုမရှိကြောင်း၊ တိုင်းရင်းသား အရေး လုပ်လိုပါက မိမိတို့ ပါတီ အောက်ကသာ ဆောင်ရွက်သင့်ကြောင်း၊ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စိတ်ကူးပင် မရှိကြောင်း စသဖြင့် ကြွေးကြော် နေခဲ့သည်။

ဤပြောဆိုချက်များနှင့် NLD ၏ ၂၀၁၅-၂၀၂၀ အတွင်း ၅ နှစ်တာ အစိုးရ စွမ်းဆောင်မှုများကြောင့် ဗမာမဟုတ် သော လူမျိုးများ၏ ပြည်နယ်များတွင် NLD အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရန် မလွယ်ကူကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့ကြသည်။

သို့သော် နိုဝင်ဘာလ အစမှာတော့ NLD သည် မဟာဗျူဟာ အပြောင်းအလဲ တစ်ခု စတင်လိုက်သည်ကို သမ္မတရုံး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာဘဲ မြင်တွေ့ လိုက်ရတော့သည်။

ထိုမဟာဗျူဟာနှင့်ပတ်သက်ပြီး NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(CEC)များပင် သိရှိခြင်း မရှိ ကြောင်း သတင်းမီဒီယာများအပေါ် NLD ၏ CEC အဖွဲ့ဝင်များ ဖြေကြားချက်များကို နားထောင် လေ့လာ ကြည့်ခြင်းဖြစ် သိနိုင်သည်။

NLD ၏ မဟာဗျူဟာကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနောက် အစိုးရသစ်ဟာ National Unity Government (အမျိုးသား ညီညွတ် ရေး အစိုးရ)တစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD သည် သောင်ပြိုကမ်းပြိုတင်မဟုတ် မိုးပါပြိုသည်အထိ အနိုင်ရသွားခဲ့သည်ဟု ဆိုကြသည်(ဗမာမဟုတ်သော လူမျိုး ပြည်နယ်များပါ အပြတ်အသတ် အနိုင်ရသွားခဲ့)။

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် NLD ပြောခဲ့သော NUG ကို ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် NLD က နောင်အနာဂတ် တိုင်းရင်းသားလူများစု၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ထုတ်ပြန်၍ တိုင်းရင်းသားပါတီ ၄၈ ပါတီကို ကမ်းလှမ်းခဲ့သည်။

တစ်လအကြာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် NLD သည် အမျိုးသားပြန်လည်သင့်မြတ်ရေး တည် ဆောက်နိုင်ရန် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ရန်၊ NLD နှင့် ဗမာ မဟုတ်သော လူမျိုးများ ကြား ညီညွတ်ရေး သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် စသည့် အခန်းကဏ္ဍများ ဖော်ဆောင်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးဝန်ကြီး ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ်က အင်ထုံးခါးနော်ဆန်တို့ ပါဝင်သည့် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။

ဓာတ်ပုံ - ကချင်ပြည်နယ်က ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် NLD ညှိနှိုင်းရေးအဖွဲ့တွေ့ဆုံ ဆွေးနွေး အပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က တွေ့ရစဉ်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ပထမဆုံး အနေဖြင့် ကချင်ပြည်နယ်သို့ သွားရောက်ကာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါ ရီ ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အတွင်း အနိုင်ရထားသည့် ကိုယ်စားလှယ်များဖြင့် တိုင်းရင်း သား အရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ပထမဦးဆုံး စတင်သည့် ခြေလှမ်းမှာပဲ NLD ၏ ညီညွတ်ရေး ခြေလှမ်းသည် မညီညွတ်ရေးဘက်သို့ ဦးတည် နေ မိမှန်းမသိ ဖြစ်နေသည်။ထိုအခြေအနေကို မွန်ညီညွတ်ရေးပါတီ(MUP)နှင့် တွေ့ဆုံ ဆွေးနွေးရန် မွန်ပြည်နယ်၊ မော်လမြိုင်သို့ သွားသည့်အထိ သတိ မထားမိ သေးသည်ကို တွေ့ရသည်။

အဘယ်ကြောင့်ဆိုသော် ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီပါတီ၊ ကချင်ပါတီ၊ လီဆူ ပါတီ၊ ကျားခေါင်းပါတီ(SNLD) စသဖြင့် ပါတီများ ရှိသည့်အနက် ရှမ်းနီပါတီနှင့် ကျားခေါင်းပါတီ(SNLD) တို့ ဖြင့် တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ခဲ့သလို တွေ့ဆုံ ဆွေးနွေးခဲ့သော ပုဂ္ဂိုလ်များကလည်း အနိုင်ရ ကိုယ်စားလှယ် လောင်းများ အနေဖြင့် တွေ့ဆုံပြီ ၎င်းတို့ ကိုယ်စားပြုသည့် ပါတီများကို တွေ့ဆုံခြင်း မဟုတ်သည့်အတွက် ဝေဖန်မှုများ ရှိနေသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာသည် KSPP အနေဖြင့် သွားရောက် တွေ့ဆုံ ခြင်းမဟုတ်ဘဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်လောင်း အနေဖြင့် တစ်ဦးတည်း ဆန္ဒ ဖြင့် သွားရောက် တွေ့ဆုံခြင်းဖြစ်သည့်အတွက် KSPP အတွင်း သဘောထားများ ကွဲလွဲနေကြသည်။

KSPP သည် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ(KSDP)၊ စည်းလုံး ညီညွတ် ရေးနှင့် ဒီမိုကရေစီ ကချင်ပြည်နယ် (စဒက) တို့ဖြင့် ဖွဲ့စည်းထားသည့် ပါတီ တစ်ခုဖြစ်ရာ ဒေါက်တာမနာမ်တူး ဂျာသည် ထိုပေါင်းစည်းပါတီ သုံးခုထဲက တစ်ခု၏ ခေါင်းဆောင်ဖြစ်သည့်အတွက် KSPP ကို အလုံးစုံ ကိုယ်စား ပြု သည်ဟု ပြောရန်ခက်ခဲသည်။

ဓာတ်ပုံ - ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၁ ရက် မြစ်ကြီးနားက NLD ပါတီရုံးမှာ ကချင်က အနိုင်ရကိုယ်စားလှယ်များနှင့် NLD ညှိနှိုင်းရေးအဖွဲ့ ဆွေးနွေးနေစဉ်။

ထို့ကြောင့် KSPP ပါတီအတွင်း စည်းလုံးမှုကို ထိခိုက်စေပြီး အငြင်းပွားမှုများကို ဖြစ်ပေါ်လာစေသလို သဘော ထားများ ကွဲလွဲလာပါက ပူးပေါင်းထားသော ပါတီမှသည် ရခိုင်အမျိုးသားပါတီ(ANP) ပြိုကွဲသလို ဖြစ်သွားနိုင် ပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD အနိုင်ရကာ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့ စည်းခဲ့ရာမှာ လက်ရှိ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးကို ဦးအေးသာအောင်အား လူပုဂ္ဂိုလ်အရ တွေ့ဆုံ၍ ဆွေးနွေးကာ သဘောတူညီမှုဖြင့် ပေးအပ်ခဲ့ခြင်းကြောင့် ANP ပါတီတွင်း သဘောထားများ ကွဲလွဲကာ ပေါင်း စည်းထားမှုကနေ ဦးအေးသာအောင် ဦးဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပြန်လည် ခွဲထွက်သွားခဲ့ သလို ANP ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ဒေါက်တာအေးမောင်ကလည်း ANP ကနေ နုတ်ထွက်ကာ ရခိုင့် ဦးဆောင် ပါတီ (AFP)ကို ဖွဲ့စည်းခဲ့ပြန်သည်။

အဆိုပါ အခြေအနေများကြောင့် NLD ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးရေးအပေါ် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် သတိကြီးကြီးထား ဆက်ဆံရာမှ NLD ပါတီ၏ ကြားတစ်နေရာမှာ တွေ့ဆုံဆွေးနွေးရန် သဘောထားမရှိခြင်းကတဆင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က တွေ့ဆုံ ဆွေးနွေးရေး ပျက်သွားသည့်အထိ ဖြစ်စေခဲ့ခြင်း ဖြစ်နိုင်သည်။

မွန်ညီညွတ်ရေးပါတီ(MUP)အဖြစ် ပေါင်းစည်းနိုင်ရေးအတွက်လည်း မွန်နိုင်ငံရေးသမားများ၊ မွန်အရပ်ဖက် အဖွဲ့ အစည်းများ၊ မွန်သံဃာတော်များ၊ မွန်လူငယ်များ၊ မွန်လူမှုရေးအဖွဲ့အစည်းများ မည်မျှ ခက်ခက်ခဲခဲဖြင့် ပေါင်း စည်းထားရသည်ကို ၎င်းတို့ ကိုယ်တိုင်အသိဆုံးဖြစ်သည့်အတွက် ပြန်လည် ပြိုကွဲသွားမည်ကို အရမ်းစိုးရိမ်နေ ကြသည်။

မွန်ညီညွတ်ရေးပါတီ(MUP)သည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပေါင်းစည်း၍ ဖွဲ့ စည်းထားသော ပါတီတစ်ခုဖြစ်သလို လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲနေသော မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်ငံရေးဘက်သို့ ကူးပြောင်းလာခဲ့သော လူပုဂ္ဂိုလ်များလည်း ရှိနေခြင်းကြောင့် ပါတီတွင်း စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေနိုင်မည့် အခင်းအကျင်းကို သတိကြီးကြီးထားကာ NLD အား ဆက်ဆံရန် စဉ်းစား ထားပုံ ဖော်သည်။

ယခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိခဲ့စဉ်က NLD ပါတီသည် လက်ရှိ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို ဦးနိုင်သက်လွင်အား ခန့်အပ်ခဲ့ရာမှာ မိခင်ပါတီဖြစ်သည့် မွန်အမျိုး သားပါတီ(၂၀၁၅ တုန်းက မွန် ၂ ပါတီ မပေါင်းစည်းရသေး)ကို တစ်စုံတစ်ရာ ညှိနှိုင်းခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေး သီးသန့် တွေ့ဆုံကာ ရာထူး လက်ခံရန် ကမ်းလှမ်း၍ ခန့်အပ်သွားခြင်းကြောင့် ပါတီတွင်း သဘောထား ကွဲလွဲ မှုများနှင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သေးသည်။

အတိတ် သင်ခန်းစာများကြောင့် မွန်ညီညွတ်ရေးပါတီ အပါအဝင် ဗမာမဟုတ်သော လူမျိုးပါတီများ အားလုံး သည် NLD ၏ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ရေး လူမျိုးစုပါတီများကို လိုက်လံ တွေ့ဆုံ ဆွေးနွေးနေ သော ကိုယ်စားလှယ် အဖွဲ့နှင့် NLD အပေါ် သတိကြီးကြီးထား၍ တွေ့ဆုံ ဆွေးနွေးရန် စဉ်းစားထားကြမည်မှာ မလွဲပေ။

ထို့ကြောင့် NLD ပါတီ၏ လူမျိုးစုပါတီများအား တွေ့ဆုံ ဆွေးနွေးရန် တာဝန်ပေးအပ် ခံထားရသော ကိုယ်စား လှယ် သုံးဦးအနေဖြင့် ညီညွတ်ရေးအတွက် ကြိုးပမ်းရာမှာ မညီညွတ်ရေးဘက်သို့ ဦးတည်နေစေသော အခြေ အနေ- အခင်းအကျင်းများကို သတိထား ရှောင်ရှားရန်လိုအပ်သည်။

သို့မဟုတ်ပါက အားလုံး မျှော်လင့်နေသော ၊ တိုက်တွန်း နေသော အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့ စည်းနိုင်မည့် အခြေအနေမှ လွဲချော်ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရပြီး ဖွဲ့စည်းခဲ့သော NLD ပါတီ ၏ မူဝါဒကို လိုက်နာသော လက်ရွေးစင် လူပုဂ္ဂိုလ်များကို ရွေးချယ်၍ ဖွဲ့စည်းခဲ့သည့် စွမ်းဆောင်ရည် မပြနိုင် သော အစိုးရမျိုးသာ ဖြစ်သွားနိုင်ပါသည်။

ယခုအစိုးရသည် ဗမာ လူမျိုးများနှင့် ဗမာမဟုတ်သော လူမျိုးများကြား အမျိုးသား ပြန်လည်သင့်မြတ်ရေး ကို မတည်ဆောက်နိုင်၊ နိုင်ငံရေးပါတီ အချင်းချင်းကြားမှာလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို မတည် ဆောက်နိုင်၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးကိုလည်း ကောင်းမွန်အောင် မထိန်းထားနိုင်၊ အစိုးရနှင့် လက်နက် ကိုင် အဖွဲ့များကြား အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မတည်ဆောက်ထားနိုင်၊ စီးပွားရေး ဖွံ့ဖြိုးရေးနှင့် တရား ဥပဒေ စိုးမိုးရေး ကောင်းမွန်အောင်လည်း မစွမ်းဆောင်နိုင်ဘဲ ဖြစ်နေကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုကြသည်။

ဤအခင်းအကျင်းများကို ပြန်လည်တည်ဆောက် နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းကာ တည်ဆောက်သင့်သည်ဟု ပြည်တွင်း/ပြည်ပ ဒီမိုကရေစီနိုင်ငံနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုသော အင်အားစုများက အကြံပြု နေကြခြင်းဖြစ်သည်။ အလားတူ NLD ပါတီကလည်း အမျိုးသား ညီညွတ်ရေးအစိုးရ တစ်ရပ်ကို တည်ဆောက်ရန် ကြိုးပမ်းမည်ဟု ဆိုထားသည်။ 

မည်သည့် အခြေအနေများက ညီညွတ်ရေးကနေ မညီညွတ်ရေးဘက်သို့ ဦးတည်နေတာလဲ ဆိုသည့်အပေါ် စဉ်းစား အဖြေရှာသင့်သည်။ ဇန်နဝါရီ ၄ ရက်နေ့က မွန်ညီညွတ်ရေးပါတီ(MUP)နှင့် NLD ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးရေး ပွဲပျက်သွားခြင်းမျိုး နောက်ထပ် မဖြစ်အောင် လိုအပ်သလို ထိုအခင်းအကျင်းကို ဘယ်လို ဖြေရှင်း မလဲဆိုခြင်းအပေါ် NLD ၏ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့က ကြိုတင် စဉ်းစားထားရန် လိုအပ်သည်။

ဓာတ်ပုံ - ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် မော်လမြိုင်မြို့ရှိ NLD ရုံးမှာ မွန်ပါတီ MUP နှင့် ဆွေးနွေးရန် လာရောက်သည့် NLD ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်များ(MNL)

ဦးသိန်းစိန် အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရန် ကြိုးပမ်းခဲ့သော ဥပမာ တစ်ခုကို တင်ပြလိုပါသည်။ အစိုးရသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။

ထိုစဉ်အချိန်က KIA နှင့် တပ်မတော်ကြား တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေပြီး နှစ်ပေါင်း ၁၇ နှစ်ကြာ ငြိမ်း ချမ်းရေး ရယူထားသော အခင်းအကျင်း ပျက်ပြားသွားခဲ့ခြင်းကြောင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများ အလွန် အားနည်းနေသည့် ကာလဖြစ်သည့်အတွက် KIA က အစိုးရ ဖိတ်ခေါ်သည့် မြစ်ကြီးနားမြို့ကို လာ ရောက် တွေ့ဆုံခြင်း မရှိပေ။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက KIA တွေ့ဆုံလိုသော နေရာများသို့ ၆ ကြိမ် (KIA ဒုတိယ ဌာနချုပ် မိုင်ဂျာယန်သို့ ၂ ကြိမ်၊ ထိုင်းနိုင်ငံ-ချင်းရိုင်သို့ ၁ ကြိမ်၊ တရုတ်နိုင်ငံ- ရွှေလီမြို့သို့ ၃ ကြိမ် သွားရောက် ဆွေးနွေးခဲ့)သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယုံကြည်မှုတည်ဆောက်ခဲ့ပြီးနောက် KIA ကို အစိုးရ တွေ့ဆုံ ဆွေးနွေးလိုသည့် မြစ်ကြီးနားမြို့သို့ လာရောက်ဆွေးနွေးရန် စည်းရုံးခဲ့သည်။

KIA မြစ်ကြီးနားမြို့သို့ လာရောက် ဆွေးနွေးခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခုကို ချုပ်ဆိုနိုင်ခဲ့ကြသည်။

ဓာတ်ပုံ - NLD ပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ်။

အဓိက ထောက်ပြလိုသည့် အချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်၊ အမျိုးသား ညီညွတ်ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန် ဆန္ဒရှိသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသည် ဆန္ဒရှိရုံနှင့်မရပေ။ စိတ်ရှည် သီးခံခြင်း၊ တစ်ဖက် ဆွေးနွေးဖက်များ အပေါ် သဘောထားကြီးစွာ လိုက်လျောပေးခြင်းတို့ဖြင့် မိမိ ရည်မှန်းချက်ကို ရအောင် အကောင်အထည်ဖော် ရန် လိုအပ်ကြောင်း ဖြစ်သည်။

လက်ရှိ NLD ၏ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းနိုင်ရေး တိုင်းရင်းသားများဖြင့် စေ့စပ်ညှိနှိုင်းနေသော အခင်းအကျင်းသည် မိမိ တွေ့ဆုံလိုသော နေရာမှာ လာရောက်တွေ့ဆုံရန်၊ မတွေ့ဆုံနိုင်ပါက မတွေ့ဆုံပဲ နေနိုင်ကြောင်း (မိမိတို့က တခြားနေရာကို ပြောင်းလဲကျင်းပရန် လမ်းညွန်ချက်မရှိကြောင်း)ဆိုသည့် ရပ်တည် ချက်သည် တစ်ဖက် ဆွေးနွေးဖက်များအပေါ် သဘောထားကြီးစွာ လိုက်လျောပေးခြင်း၏ ဆန့်ကျင်ဘက်ကို ဖြစ်နေသကဲ့သို့ ပါတီကြီးဝါဒ ကျင့်သုံးရာလည်း ရောက်စေနေသည်ဟု တစ်ဖက်က ထင်မြင်သွားနိုင်ပြီး တွေ့ဆုံ ဆွေးနွေးရေး အောင်မြင်ရန် ခက်ခဲသွားနိုင်သည်။

ထို့ကြောင့် NLD သည် ညီညွတ်ရေးတည်ဆောက်ရာမှ မညီညွတ်ရေးဘက်သို့ ဦးတည်သွားစေနိုင်သော အပြု အမှု၊ အပြောအဆို၊ လုပ်ကိုင် ဆောင်ရွက်ပုံများကို ပြန်လည် စဉ်းစား သုံးသပ်ကာ စိတ်ရှည် သီးခံခြင်း၊ တစ်ဖက် ဆွေးနွေးဖက်များအပေါ် သဘောထားကြီးစွာ လိုက်လျောပေးခြင်းဆိုသော စေ့စပ် ညှိနှိုင်းရေး နည်းဗျူဟာဖြင့် ချဉ်းကပ်၍ ညီညွတ်ရေးကို တည်ဆောက်နိုင်မလားဆိုသည့်အပေါ်ကိုတော့ ဆက်လက် စောင့်ကြည့်ရတော့ မည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required