တောင်ကိုရီးယားသမ္မတဟောင်း ကင်ယောင်ဆန် အသက်၈၇နှစ်တွင် ကွယ်လွန်

တောင်ကိုရီးယားသမ္မတဟောင်း ကင်ယောင်ဆန် အသက်၈၇နှစ်တွင် ကွယ်လွန်

ဆိုးလ်၊ နိုဝင်ဘာ-၂၂ ။ ။ နှစ်၃၀ကြာ စစ်အုပ်ချုပ်ရေးကို နောက်ဆုံးကန့်လန့်ကာ ဆွဲချခဲ့သည့် တောင်ကိုရီးယား သမ္မတဟောင်း ကင်ယောင်ဆန်မှာ အသက် ၈၇နှစ်အရွယ်တွင် နိုဝင်ဘာလ ၂၁ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဟု ဆေးရုံအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ဆိုးလ် အမျိုးသားတက္ကသိုလ်ဆေးရုံ ဥက္ကဋ္ဌ အိုဗျောင်ဟီးက သတင်းထောက်များကို ပြောကြားချက်အရ ၁၉၉၃ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကင်ယောင်ဆန်မှာ ပြင်းထန်သည့် သွေးကူးစက်ရောဂါတစ်မျိုးကို ခံစားနေရပြီး အပြင်းဖျား၍ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေစဉ် သန်းခေါင်ကျော်အချိန်တွင် သေဆုံးသွားခဲ့ခြင်းပင် ဖြစ်သည်။

ကင်၏ သမ္မတသက်တမ်းကို ဖြစ်ရပ်ကြီးနှစ်ခုက လွှမ်းမိုးထားရာ ပထမတစ်ခုမှာ ၁၉၉၄ခုနှစ် မြောက်ကိုရီးယားနှင့် နျူကလီးယားအကျပ်အတည်းဖြစ်ပြီး ဒုတိယတစ်ခုမှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့မှ ကယ်ဆယ်ရေးချေးငွေ ကန်ဒေါ်လာ ၅၈ဘီလျံကို လက်ခံရယူခဲ့ရသည့် ၁၉၉၇-၉၈ အာရှ စီးပွားရေးအကျပ်အတည်းပင် ဖြစ်သည်။

သူ့လက်ထက်တွင် သူ့ရှေ့က သမ္မတများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ် နှစ်ယောက်မှာ နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်များဖြင့် ပြစ်ဒဏ်ကျခံနေရရာ သူ့သက်တမ်း ဆုံးကာနီးတွင် နှစ်ယောက်စလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။  

ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အထင်ကရခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အားလျော်စွာပင် ၁၉၈၀အစောပိုင်းကာလများတွင် နေအိမ်အကျယ်ချုပ် နှစ်ကြိမ်ကျခဲ့၍ စုစုပေါင်း နှစ်နှစ်ခန့် အကျဉ်းသားဘဝဖြင့် နေထိုင်ခဲ့ရသည်။

၁၉၈၇ခုနှစ်တွင် ပထမဆုံး တိုက်ရိုက်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အတိုက်အခံမဲကို ရဲဘော်ရဲဘက် တက်ကြွလှုပ်ရှားသူ ကင်ဒေးဂျုံနှင့် ခွဲယူခဲ့ရသောကြောင့် စစ်ဗိုလ်ချုပ်ဟောင်း နိုတေဝူးသာလျှင် အာဏာရလာခဲ့သည်။ ၁၉၉၂ရွေးကောက်ပွဲတွင်မှ ကင်ဒေးဂျုံကို အနိုင်ရပြီး နောက်တစ်နှစ်တွင် သမ္မတဖြစ်လာခဲ့သည်။ တတိယမြောက် အရပ်သားအစိုးရဖြစ်ပြီး ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးလည်းဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly