လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုကြောင့် ရုံးတင်စစ်ဆေးမှုနဲ့ ရင်ဆိုင်ရတော့မယ့် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ဘန်ဇီမာ

လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုကြောင့် ရုံးတင်စစ်ဆေးမှုနဲ့ ရင်ဆိုင်ရတော့မယ့် ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ဘန်ဇီမာ
Photos: EPA

ရီးယဲလ်တိုက်စစ်မှူး ကီရင်း ဘန်ဇီမာဟာ သူ့ရဲ့ လက်ရွေးစင်အသင်းဖောင်ဟောင်း ဗယ်လ်ဘူနာကို လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို အကြောင်းပြပြီး ငွေညှစ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတာကြောင့် ရုံးတင်စစ်ဆေးမှုနဲ့ ရင်ဆိုင်ရတော့မယ်လို့ ပြင်သစ်အစိုးရရှေ့နေတွေက ကြာသပတေးနေ့က ပြောပါတယ်။ 

အသက် ၃၃ နှစ်အရွယ် ဘန်ဇီမာဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံအသင်းအတွက် ရွေးချယ်ခြင်း မခံခဲ့ရတော့ပါဘူး။ 

သူဟာ လိင်ကိစ္စပါဝင်နေတဲ့ ဗီဒီယိုကို လူသိထင်ရှား သိအောင်လုပ်မယ်ဆိုပြီး ဗယ်လ်ဘူနာဆီကနေ ခြိမ်းခြောက် ငွေညှစ်ဖို့ ကြံစည်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရတာဖြစ်ပါတယ်။ 

တခြားလူလေးဦးကိုလည်း ရုံးတင်စစ်ဆေးမှာဖြစ်ပါတယ်။ 

ဘန်ဇီမာကတော့ ရဲအရာရှိတစ်ဦးက သူ့ကို ဒီကိစ္စထဲ ဆွဲသွင်းဖို့ မရိုးသားတဲ့ နည်းလမ်းတွေကို သုံးခဲ့တယ်လို့ ငြင်းဆန်ပါတယ်။

ပြင်သစ်အသင်းအတွက် ၅၂ ပွဲ ရွေးချယ်ခံခဲ့ရပြီး လက်ရှိ ဂရိကလပ် အိုလံပီယာကော့စ်အတွက် ကစားနေတဲ့ ဗယ်လ်ဘူနာဟာ ဗီဒီယိုကို ထုတ်လွှင့်ဖို့ ခြိမ်းခြောက် ငွေညှစ်သူတစ်ဦးဆီကနေ ဖုန်းခေါ်ဆိုမှု ရရှိခဲ့ပြီး ရဲတွေဆီ ဆက်သွယ်ခဲ့ပါတယ်။ 

ဘန်ဇီမာဟာ ၂၀၀၉ ခုနှစ်က ရီးယဲလ်အသင်းသို့ ရောက်ရှိပြီးနောက်ပိုင်း စပိန်ဘီလူးကြီးအတွက် ၂၆၁ ဂိုး သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား ခြောက်ကြိမ်ရယူခဲ့ရာမှာ အသင်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ 

သူနဲ့ ဗယ်လ်ဘူနာဟာ ဒီဖြစ်စဉ်ဖြစ်ပွားချိန်က လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြပြီး ဘရာဇီးလ်မှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းမှာ အတူပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ နည်းပြ ဒက်စ်ချမ့်စ်က ကစားသမားနှစ်ဦးလုံးကို ရွေးချယ်ခြင်း မရှိခဲ့ပါဘူး။ ဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းဟာ ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ 

ပြင်သစ်အသင်း တိုက်စစ်မှာ ပီအက်စ်ဂျီရဲ့ အမ်ဘာပေ ဦးဆောင်ခြင်းဖြင့် လူငယ်ကစားသမားတွေနဲ့ ရုရှားမှာ ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တုန်းကလည်း သူတို့နှစ်ဦးဟာ ချန်လှပ်ခံခဲ့ရပါတယ်။ 

ဘန်ဇီမာရဲ့ ရှေ့နေဖြစ်သူ ကော်မီယာကတော့ ဒီကိစ္စ ရုံးတင်စစ်ဆေးတော့မယ်ဆိုတာကိုတော့ သူအနေနဲ့ အံ့အားသင့်ခြင်း အလျဉ်းမရှိခဲ့ပေမယ့်လည်း ဆုံးဖြတ်ချက်အပေါ်မှာတော့ "ခန့်မှန်းရခက်သလို စိတ်လည်း ပျက်မိတယ်"လို့ ဆိုပါတယ်။ 

(AFP) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly