မြန်မာချေးငွေသတင်းအချက်အလက်ဌာန (Myanmar Credit Bureau) – သင့်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ

မြန်မာချေးငွေသတင်းအချက်အလက်ဌာန (Myanmar Credit Bureau) – သင့်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ

ပြည်တွင်းမှာ ပထမဦးဆုံးနဲ့ တစ်ခုတည်းသော ချေးငွေသတင်းအချက်အလက်ဌာနဖြစ်တဲ့ မြန်မာချေးငွေသတင်းအချက်အလက်ဌာန (Myanmar Credit Bureau) ကို ငွေရေးကြေးရေး အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေအတွက်၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်ဖို့ ဝန်ဆောင်မှုတွေ စတင် ပေးအပ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ချေးငွေသတင်းအချက်အလက်ဌာနတစ်ခုရဲ့အကြောင်းနဲ့ ဒီဌာနက သင့်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ ရှင်းပြပေးထားပါတယ်။

ချေးငွေသတင်းအချက်အလက်ဌာနတစ်ခုဆိုတာ ဘာလဲ?

ချေးငွေသတင်းအချက်အလက်ဌာနတစ်ခုဆိုတာ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေ ရယူနိုင်ဖို့ ကူညီပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချေးငွေသတင်းအချက်အလက်ဌာန တစ်ခုမှာ ချေးငွေထုတ်ပေးထားတဲ့ အဖွဲ့အစည်းတွေဆီကရတဲ့ ငွေချေးသူတွေရဲ့ အချက်အလက်တွေကို စုစည်းပြီး ထိန်းသိမ်းထားပါတယ်။ ဒီအချက်အလက်တွေကို အသုံးပြုပြီး ဌာနကနေ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာတွေ ထုတ်ပေးနိုင်တာကြောင့် ငွေထုတ်ချေးရမယ့်ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေအနေနဲ့ ချေးငွေလျှောက်လွှာတွေကို စနစ်တကျ စစ်ဆေးအကဲဖြတ်နိုင်မှာဖြစ်ပြီး ပိုမိုတိကျမှန်ကန်တဲ့ ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ချေးငွေသတင်းအချက်အလက် အစီရင်ခံစာဆိုတာ ဘာလဲ?

ချေးငွေသတင်းအချက်အလက် အစီရင်ခံစာတစ်ခုမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း (ဒါမှမဟုတ်) ကုမ္ပဏီတစ်ခုချင်းရဲ့ ချေးငွေ ပြန်လည်ပေးဆပ်မှု ရာဇဝင်ကို စာရင်းပြုစုထားပါတယ်။ ချေးငွေသတင်းအချက်အလက်ဌာနမှာ ချေးငွေလျှောက်ထားခြင်းအပေါ် အဖွဲ့ဝင်ထားတဲ့ ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့ လူတစ်ဦးချင်း (ဒါမှမဟုတ်) ကုမ္ပဏီတစ်ခုချင်းစီနဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေအပေါ် မူတည်ပြီး တရားဝင်ခွင့်ပြုထားတဲ့ သတ်မှတ်ချက်တွေအရ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာကို ထုတ်ပေးပါတယ်။ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာတစ်ခုမှာ ကိုယ်ရေးအချက်အလက် (ဒါမှမဟုတ်) ကုမ္ပဏီရဲ့ အချက်အလက်၊ ချေးငွေရယူမှု ရာဇဝင်နဲ့ ပြန်လည်ပေးဆပ်မှုစာရင်း စတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

ချေးငွေသတင်းအချက်အလက် အစီရင်ခံစာကို ဘယ်သူထုတ်ပေးတာလဲ?

မြန်မာနိုင်ငံမှာတော့ မြန်မာချေးငွေသတင်းအချက်အလက်ဌာန (Myanmar Credit Bureau) ကနေ သူရဲ့ အဖွဲ့ဝင်တွေ အတွက် ချေးငွေသတင်းအချက်အလက် အစီရင်ခံစာတွေ ထုတ်ပေးနေပါတယ်။ ဒီဌာနက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ တရားဝင် လုပ်ငန်းလိုင်စင်ရရှိပြီး လုပ်ကိုင်နေတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။

ချေးငွေသတင်းအချက်အလက်ဌာနကို ဘယ်သူတွေက အချက်အလက်တွေ ပံ့ပိုးပေးနေတာလဲ?

မြန်မာချေးငွေသတင်းအချက်အလက်ဌာနက ချေးငွေသတင်းအချက်အလက် အစီရင်ခံစာတွေ ထုတ်နိုင်ဖို့ ချေးငွေ သတင်းအချက်အလက်တွေကို အဖွဲ့ဝင် ဘဏ်နဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေဆီက ရရှိထားတာပါ။ ဒီအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ကိုင်နေတဲ့ ဘဏ်တွေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြနိုင်ဖို့ လူပုဂ္ဂိုလ်တစ်ဦးချင်း (ဒါမှမဟုတ်) ကုမ္ပဏီတစ်ခုချင်းရဲ့ ချေးငွေဝန်ဆောင်မှုနဲ့ဆက်နွယ်တဲ့ သတင်းအချက်အလက်တွေကိုပဲ ရယူထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ စုဆောင်းငွေတွေ (ဒါမှမဟုတ်) ပိုင်ဆိုင်မှုတွေနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေ မပါဝင်ပါဘူး။ 

ချေးငွေဆိုင်ရာ သတင်းအချက်အလက်တွေကို ဘယ်သူတွေ ကြည့်လို့ရလဲ?

ဌာနကနေ စုဆောင်းထိန်းသိမ်းထားတဲ့ အချက်အလက်တွေကို ချေးငွေသတင်းအချက်အလက်ဌာနရဲ့ ဘဏ်တွေ၊ ငွေရေးကြေးရေး အဖွဲ့အစည်း အဖွဲ့ဝင်တွေက ချေးငွေလျှောက်ထားခြင်းအပေါ် ကြည့်လို့ရတာပါ။ ဒါပေမယ့်လည်း လူပုဂ္ဂိုလ်တစ်ဦးစီ (ဒါမှမဟုတ်) စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း သူတို့ရဲ့ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာတွေကို မိတ္တူ ရယူလိုတယ်ဆိုရင် မြန်မာချေးငွေသတင်းအချက်အလက် ဌာနရုံးမှာ ကိုယ်တိုင်လျှောက်ထားတောင်းဆိုနိုင်ပါတယ်။

ချေးငွေသတင်းအချက်အလက် အစီရင်ခံစာကောင်းတစ်ခုရအောင် သင့်အနေနဲ့ ဘယ်လို ထိန်းသိမ်းနိုင်မလဲ?

ချေးငွေသတင်းအချက်အလက် အစီရင်ခံစာကောင်းတစ်ခုရအောင် ထိန်းသိမ်းထားမယ်ဆိုရင် နောက်ပိုင်း ကြိုတင်ထုတ်ယူငွေ (ဒါမှမဟုတ်) ‌ချေးငွေ လျှောက်ထားရာမှာ အလွယ်တကူ ရနိုင်ခြေ မြင့်သွားပါပြီ။ ချေးငွေသတင်းအချက်အလက် အစီရင်ခံစာကောင်းတစ်ခုရအောင် ထိန်းသိမ်းထားဖို့ဆိုရင် အောက်ပါနည်းလမ်းတွေက အထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။ 

  •  သင်ယူထားတဲ့ ချေးငွေဝန်ဆောင်မှုအတွက် ပြန်လည်ပေးဆပ်ရမယ့် အစီအစဉ်တွေကို အမြဲ စစ်ဆေးပြီး သတ်မှတ်ရက်အတိုင်း ပေးချေထားပါ။
  •     ချေးငွေထုတ်ပေးတဲ့ နေရာတွေအများကြီးကနေ တစ်ပြိုင်နက်တည်း ချေးငွေ ယူထားတာမျိုး မလုပ်ပါနဲ့။
  •     လစဉ် ပေးဖို့ကျန်ရှိနေတဲ့ ချေးငွေကို အပြည့်အဝ ပေးဆပ်နိုင်ဖို့ ကြိုးစားပါ။ တစ်ကယ်လို့ မပေးနိုင်ဘူးဆိုရင် ကိုယ်ယူထားတဲ့ ငွေကြေးအဖွဲ့အစည်းကို အချိန်မီ အကြောင်းကြားဆွေးနွေးတိုင်ပင်ရပါမယ်။

MMCB အကြောင်း၊ သူရဲ့ ဝန်ဆောင်မှုနဲ့ အဖွဲ့ဝင်တွေအကြောင်း အသေးစိတ် သိရှိလိုတယ်ဆိုရင် https://creditbureau.com.mm/ (ဒါမှမဟုတ်) www.facebook.com/myanmarcreditbureau မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ MMCB ကို ဆက်သွယ်လိုတယ် ဆိုရင်တော့ ဖုန်း - ၀၉ ၆၆၇ ၀၀၀ ၀၈၀ (ဒါမှမဟုတ်) အီးမေးလ် - [email protected] ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly