UPDJC အဖွဲ့ဝင် နိုင်ငံရေးပါတီကိုယ်စားလှယ် ဦးခင်မောင်ဆွေ၊ ဦးသုဝေအပါအဝင် ၁၆ဦးရွေးချယ်ပြီးစီး

UPDJC အဖွဲ့ဝင် နိုင်ငံရေးပါတီကိုယ်စားလှယ် ဦးခင်မောင်ဆွေ၊ ဦးသုဝေအပါအဝင် ၁၆ဦးရွေးချယ်ပြီးစီး

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးမူဘောင်ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC )တွင်အဖွဲ့ဝင် အဖြစ်ပါဝင်ရန် ဦးခင်မောင်ဆွေ၊ ဦးသုဝေတို့အပါအဝင် နိုင်ငံရေးပါတီမှကိုယ်စားလှယ် ၁၆ဦးကို နိုဝင်ဘာ ၂၁ရက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် အပြီးသတ် ရွေးချယ်ပြီးစီးခဲ့သည်။

UPDJC တွင် နိုင်ငံရေးပါတီမှ ၁၆ဦး၊ အပစ်ရပ်လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၁၆ဦး နှင့် တပ်မတော်အပါအဝင် အစိုးရအဖွဲ့မှ ၁၆ဦးကျစီ ပါဝင်ကာ အကြံပေးအဖွဲအဖြစ် နိုင်ငံရေးပါတီများမှ ၈ဦးအဖွဲ့ တို့ပါဝင်ကြသည်။

ယင်း ၁၆ဦးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂ဦး၊ ပြည်ခိုင်ဖြိုးမှ ၂ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA တို့က ၁ဦးစီ စုစုပေါင်း ၉ဦး ကို ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက အဆိုပြုပြီး၊ ကျန်ရှိသည့် ၇ဦးကို တစ်ပါတီလျှင်တစ်မဲပေးသည့် စနစ်ဖြင့်ရွေးချယ်သည်။

မဲပေးစနစ်ဖြင့်ရွေးချယ်ရာတွင် တက်ရောက်လာသည့် ပါတီ ၈၆ခုမှ ပြည်ပအခြေစိုက်ပါတီ ၃၀မှ UPDJC အဖွဲ့ဝင် ၃ဦး၊ အကြံပေး ၄ဦး နှင့် ပြည်နယ်၊ တိုင်းရင်းသားပါတီများမှ UPDJC အဖွဲ့ဝင် ၄ဦးနှင့် အကြံပေး ၄ဦးတို့ကို သက်ဆိုင်ရာ ပါတီများက မဲပေးရွေးချယ်ခြင်းဖြစ်သည်။

မဲပေးရွေးချယ်ခံရသည့် နိုင်ငံရေးပါတီကိုယ်စားပြု UPDJC အဖွဲ့ဝင်များမှာ၊ ဦးသုဝေ(ဒီမိုကရက်တစ်ပါတီ-မြန်မာ)၊ ဦးခင်မောင်ဆွေ(ဒီမိုကရေစီအင်အားစုပါတီ)၊ ဦးမျိုးညွှန့် (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ)၊ ဒေါက်တာ မင်းနွယ်စိုး (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ)၊ ဦးစောသန်းမြင့်(ဖက်ဒရယ်ပြည်ထောင်စုပါတီ)၊ ဦးငိုင်ဆာ့ခ် (ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ နှင့် မန်းအောင်ပြည်စိုး(ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ)တို့ ဖြစ်သည်။

အကြံပေးအဖွဲ့ဝင်များအဖြစ်၊ ဦးသိန်းထွန်း(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးကျော်သူအောင် (အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်)၊ ဦးအောင်မိုးဇော်(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဒေါ်နန်းရွှေကြာ (ဝံသာနုဒီမိုကရက်တစ်ပါတီ)၊ မနာမ်တူးဂျား(ကချင်ဒီမိုကရေစီပါတီ)၊ ခွန်စိုးမြင့်(ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)၊ စောဒယ်နီရယ်(ကယားလူမျိုးစုဒီမိုကရေစီပါတီ)၊ ဦးလှဖေ(တအောင်းပလောင်အမျိုးသားပါတီ) တို့ဖြစ်သည်။
နိုဝင်ဘာ ၂၁ရက်၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်ရွေးချယ်ပွဲကို မွန်အမျိုုးသားပါတီ ရှမ်း(ကိုးကန့်)ဒီမိုကရက် တစ်ပါတီ၊ ဓနုတိုင်းရင်းသားလူများများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ကရက်ပါတီ တို့မှအပ ကျန်နိုင်ငံရေးပါတီပေါင်း ၈၆ပါတီမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ကျော် တက်ရောက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags