တောင်ကိုရီးယားရေနံတင်သင်္ဘောထိန်းသိမ်းထားတဲ့အပေါ် ဓားစာခံဖမ်းဆီးသူမဟုတ်ကြောင်း အီရန် ပြော  

တောင်ကိုရီးယားရေနံတင်သင်္ဘောထိန်းသိမ်းထားတဲ့အပေါ် ဓားစာခံဖမ်းဆီးသူမဟုတ်ကြောင်း အီရန် ပြော  
Photo - AFP

ဇန်နဝါရီ ၆  

တောင်ကိုရီးယားအလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီးတဲ့နောက် သင်္ဘောနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းမယ့်အဖွဲ့တစ်ဖွဲ့ကို အီရန်ကို စေလွှတ်သွားမယ်လို့ တောင်ကိုရီးယားက အင်္ဂါနေ့မှာ ပြောပါတယ်။  

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ရေနံထွက်ကုန်ပစ္စည်း တန်ချိန်ပေါင်း ၇ ၂၀၀ တင်ဆောင်လာတဲ့ တောင်ကိုရီးယားသင်္ဘော Hankuk Chemi ကို ဖမ်းဆီးထားတယ်လို့ တနင်္လာနေ့တုန်းက ပြောခဲ့ပါတယ်။  

တောင်ကိုရီးယားကလည်း သူတို့ရဲ့သင်္ဘောသားတွေလုံခြုံရေးအတွက် စစ်တပ်ရဲ့ပင်လယ်ဓားပြချေမှုန်းရေးတပ်ဖွဲ့ကို ဟောမုဇ်ရေလက်ကြားအနီး စေလွှတ်ခဲ့ပါတယ်။  

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွိုင်ယောင်ဆမ်က ဒီပြဿနာကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းသွားဖို့ အစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို တတ်နိုင်သမျှ အစောဆုံးစေလွှတ်သွားမယ် လို့ ပြောပါတယ်။ 

အီရန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီရေဘီးက သူတို့ဟာ ဓားစာခံဖမ်းဆီးသူတွေမဟုတ်ကြောင်း အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အလီရေဘီးက “ ကျွန်တော်တို့တွေ ဒီလိုမျိုး စွပ်စွဲခံရလေ့ရှိပါတယ်။ ခုရက်ပိုင်းအတွင်းမှာ ကြားနေရတဲ့ ဓားစာခံဖမ်းသွားတယ်ဆိုတဲ့ပြဿနာသာ တကယ်ရှိခဲ့ရင် အဲဒီဓားစာခံဖမ်းဆီးသူဆိုတာ တောင်ကိုရီးယား အစိုးရပါပဲ။ တောင်ကိုရီးယားဟာ အခြေအမြစ်မရှိဘဲနဲ့ အီရန်ရဲ့ပိုင်ဆိုင်မှု ဒေါ်လာ ၇ ဘီလီယံကို ယူသွားခဲ့ကြတာပါ။ သူတို့ဟာ ဒဏ်ခတ်အရေးမယူထားတဲ့ကုန်ပစ္စည်းတွေကိုတောင်မှ ဓားစာခံသိမ်းသွားကြပြီး အီရန်ပြည်သူတွေ ခက်ခဲနေတဲ့အချိန်မှာတောင် ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်” လို့ပြောခဲ့ပါတယ်။  

အီရန်ဟာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုအောက်မှာ တောင်ကိုရီးယားကထိန်းချုပ်ထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန်ရဖို့ ကြိုးစားနေတာဖြစ်ပါတယ်။  

အီရန်ဗဟိုဘဏ်အကြီးအကဲ အက်ဘ်ဒီနာဆာဟမ်မာတီရဲ့အဆိုရ တောင်ကိုရီးယားက  အီရန်ရဲ့ရေနံဝင်ငွေ ဒေါ်လာ ၇ ဘီလီယံကို ထိန်းချုပ်ထားပြီး ပြန်လွှဲမပေးသလို ထိန်းသိမ်းခလည်း တောင်းဆိုနေတယ်လို့ သိရပါတယ်။  

အီရန်က သူ့ရဲ့ပိုင်ဆိုင်မှုတွေ ပြန်ရဖို့  ဖိအားပေးတဲ့အနေနဲ့ တောင်ကိုရီးယားသင်္ဘောကို ဖမ်းဆီးသလားဆိုတဲ့ထင်မြင်ချက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ဂျောင်ဝှာက မှတ်ချက်ပြုခြင်းတော့မရှိပါဘူး။ 

အီရန်ဖမ်းဆီးထားတဲ့သင်္ဘောသားတွေထဲမှာ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေပါဝင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပြီး အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly