Money Hunt ပြိုင်ပွဲအတွက် SME စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်  

Money Hunt ပြိုင်ပွဲအတွက် SME စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်  
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇန်နဝါရီ ၄၊ ၂၀၂၁ 

မြန်မာနိုင်ငံ၏ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) နှင့် စွန့်ဦးတီထွင် လုပ်ငန်းစုများ ပိုမိုတိုးတက်လာမှုအတွက် အထောက်အပံ့ ပေးရန်နှင့် တီထွင်ဆန်းသစ်မှုများ  မြေတောင်မြှောက်ပေးရန်အတွက် SME စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး Money Hunt ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါ Money Hunt အစီစဉ်ကို Myanmar Media 7 နှင့် United Amara Bank (uab) တို့ ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး လုပ်ဆောင်မည့် အသေးစိတ် အကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်မြို့ Time City တွင်ရှိသည့် uab ဘဏ်ရုံးချုပ်တွင် ဇန်နဝါရီလ ၃ ရက်နေ့က အသိပေးမိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။  

Money Hunt ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသော အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနက် ပြိုင်ပွဲဝင် ၁၄ ဦး၏ တီထွင်ဆန်းသစ်နိုင်မှုနှင့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာမြောက်မှုများအပေါ် မှုတည်ပြီး နောက်ဆုံး ဆန်ခါတင် ပြိုင်ပွဲဝင်များကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။  

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ပြိုင်ပွဲဝင် ၁၄ ဦးကို ရွေးချယ်မှုနှင့် ပတ်သက်၍ uab ဘဏ်၏ Deputy CEO ဒေါ်ကျော့ကေခိုင်က “ပြိုင်ပွဲဝင်တွေကို ဘယ်လိုရွေးချယ်မလဲဆိုရင် အဓိကတော့ သူတို့ရဲ့ လုပ်ငန်းပေါ့နော်။ စီးပွားရေးက ဘယ်လို အရေးကြီးတာလဲ။ သူတို့ရဲ့ လုပ်ငန်းကို သူတို့ ရှေ့ဆက် ဘယ်လိုထားထားလဲ။ လုပ်ငန်းကို သူတို့ဘယ်လိုမျိုး ကြိုးစားထားလဲ။ ဒါမျိုးလေးတွေ ပါဝင်စဉ်းစားမှာပါ။ နောက်တစ်ခုက အဓိက အရေးကြီးတာ character ပေါ့နော်။ character မှာ သူတို့ ဘယ်လိုမျိုးတွေ အလုပ်လုပ်ခဲ့တယ်။ ဒါမျိုးလေးတွေလည်း ကြည့်မှာပါ။ သူတို့လုပ်ငန်းကို ဘယ်လောက်ထိ လုပ်နိုင်လဲ။ သူတို့ရဲ့ ကျွမ်းကျင်မှု အင်အားက ဘယ်လောက်ထိ ရှိနိုင်လဲဆိုတာတွေနဲ့ ကျွန်မတို့ ဆုံးဖြတ်မှာပါ” ဟု ပြောသည်။  

Money Hunt ပြိုင်ပွဲကို မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စား (SME) စီးပွားရေး လုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းများအားလုံး ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။  

ကိုဗစ်ကာလအတွင်း ထိခိုက်နေသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပြန်လည် ထူထောင်နိုင်ရေးအတွက် Money Hunt အစီအစဉ်က တပိုင်တနိုင် အထောက်အပံ့ ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း Myanmar Media 7 ၏ ဥက္ကဋ္ဌဖြစ်သူ ကိုဝေမင်းမောင်က ပြောသည်။  

ဓာတ်ပုံ - သူရ / မဇ္ဈိမ

“Money Hunt ဆိုတဲ့ ပရိုဂရမ်က ၂၀၂၁ ခုနှစ်မှာ လုပ်ကိုလုပ်သင့်တဲ့ ပရိုဂရမ်တစ်ခု။ ဘာကြောင့်လဲဆိုတော့ SME အသေးစားနဲ့ အလတ်တန်းစား လုပ်ငန်းရှင်တွေ အနေနဲ့ ဒီကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်သွားတဲ့ဟာတွေ အများကြီးပဲ။ အဲဒါတွေအတွက် ဒါကတော့ တနိုင်တပိုင် အခွင့်အရေးလေး တစ်ခုပေါ့နော်” ဟု ကိုဝေမင်းမောင်က ပြောသည်။  

Money Hunt ပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင်ကျန်ခဲ့သည့် ပြိုင်ပွဲဝင်များအနေဖြင့် အာမခံ မလိုသည့် ငွေကျပ်သိန်း ၁၀၀၀ ကို ချေးယူခွင့်ရမည့်အပြင် စီးပွားရေးနယ်ပယ်အတွင်းရှိ ပညာရှင်များထံမှ စီးပွားရေးဆိုင်ရာ အကြံ့ဉာဏ်များကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။  

ပြိုင်ပွဲဝင်လျှောက်လွှာ (သို့မဟုတ်) ဗီဒီယိုနှင့် လိုအပ်သည့် စာရွက်စာတမ်းများကို uab ဘဏ်ခွဲများမှတစ်ဆင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ရမည်ဖြစ်ကာ စံကာတင်ပြိုင်ပွဲဝင်များ စာရင်းကို ဖေဖော်ဝါရီလတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

Money Hunt ပြိုင်ပွဲကို ၂၀၂၁ ခုနစ်၊ မတ်လမှစပြီး Official Broadcast Partner ဖြစ်သည့် Mizzima TV Channel တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly