နည်းပြ ဦးဝင်းတင်နှင့် ရခိုင်အသင်းလမ်းခွဲ

နည်းပြ ဦးဝင်းတင်နှင့် ရခိုင်အသင်းလမ်းခွဲ
ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးဝင်းတင်အား ပြီးခဲ့သည့် ဘောလုံးရာသီ၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

နိုဝင်ဘာ ၂၁၊ ရန်ကုန်။               ။ မြန်မာနေရှင်နယ်လိဂ်-၁ တွင် ယှဉ်ပြိုင်ကစားနေသည့် ရခိုင်ယူနိုက်တက်အသင်းသည် နည်းပြချုပ် ဦးဝင်းတင်အနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီက လိုအပ်သည့် ရလဒ်ပိုင်း မရရှိသည့်အတွက် လမ်းခွဲလိုက်သည် ဟု တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

ဦးဝင်းတင်သည် ၂၀၁၃ ဒီဇင်ဘာတွင် ဟံသာဝတီအသင်းမှ ရခိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့လာခဲ့ကာ ၂၀၁၄ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၁ သို့ တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦး ဖြစ်သည်။

“ ဦးဝင်းတင်ကို ပြီးခဲ့တဲ့ရာသီ အသင်းရဲ့ လိုအပ်တဲ့ ရလဒ်ပိုင်း မရရှိခဲ့တဲ့အတွက် လမ်းခွဲဖို့ အသင်းက ဆုံးဖြတ်ခဲ့တာပါ။ နှစ်ဦးသဘောတူ လမ်းခွဲတာမျိုးပါ ဘာပြဿနာမှ မရှိပါဘူး။ သူ့နေရာမှာ လက်ထောက်နည်းပြ ဦးအောင်ဇော်မျိုးကို လာမယ့်ရာသီ နည်းပြချုပ်အဖြစ် တာဝန်ပေးသွားမှာပါ။ အသင်းက လက်ရှိမှာတော့ နိုင်ငံခြားသားကစားသမားအသစ်တွေ ခေါ်ဖို့ ချိတ်ထားပါတယ်။ မနှစ်က နောက်ခံလူ ဘားနက်ချော တစ်ယောက်ပဲ စာချုပ်သက်တမ်းတိုးသွားမှာပါ။ ကစားသမားသစ် ခေါ်ယူမှုကိုတော့ သေချာရင် သတင်းထုတ်ပြန်ပေးပါ့မယ် ” ဟု ရခိုင်အသင်းမီဒီယာတာဝန်ခံ ကိုသက်ထူးနိုင်ဦးက ပြောသည်။

ရခိုင်ယူနိုက်တက် အသင်းသည် လက်ရှိတွင် ပြီးခဲ့သည့် ရာသီတွင် အသင်း၌ ခြေစွမ်းပြခဲ့သည့် ပဏာမလက်ရွေးစင်တိုက်စစ်မှူး ပြည်မိုးအား ဇေယျာရွှေမြေအသင်းသို့ ပြောင်းရွေ့ခွင့်ပြုခဲ့သည့်အပြင် ဘရာဇီးကွင်းလယ်လူ မာစီယိုဆန်းတို့စ်နှင့် ဂျပန်ဂိုးသမားဂျန်ခိုးရှီ တို့ကိုလည်း စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly