ကူးစက်မြန် ကိုဗစ်ဗိုင်းရပ်စ်တွေ့သည့် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့်မပြု

ကူးစက်မြန် ကိုဗစ်ဗိုင်းရပ်စ်တွေ့သည့် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့်မပြု
Photo - Ministry of Foreign Affairs Myanmar

ရန်ကုန်၊ ဇန်နဝါရီ ၃

ပိုကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိထားသည့် ဗြိတိန်နှင့် မြောက်အိုင်ယာလန်မှ မြန်မာနိုင်ငံသားများကို လတ်တလော ပြည်ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဇန်နဝါရီလကုန်အထိ ဆက်ပိတ်ထားရန် ညွှန်ကြားထားသည်။ ပြည်ပတွင် ရောက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသူများကို အစိုးရက ကယ်ဆယ်ရေး လေယာဉ်များဖြင့် ခေါ်ဆောင်ပေးလျှက်ရှိရာ ဗြိတိန်နှင့် မြောက်အိုင်ယာလန်သို့ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင် ရှိသူများကို ပြည်ဝင်ခွင့် ပြုမည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်နေ့ညက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသန်းနိုင်စိုးက “Relief Flight ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ဝင်လာတဲ့သူတွေ ရှိတယ်။ အဲဒါလည်း အင်္ဂလန်နဲ့ အိုင်ယာလန်ဘက်ကနေပြီးတော့ ပြန်လာတဲ့သူတွေပေါ့။ လောလောဆယ်တော့ ဝင်လာဖို့ မကောင်းသေးဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ VUI (Variant Under Investigation) ဆိုတဲ့ မျိုးစိတ်သစ်က ကူးစက်မှုနှုန်းက ၇ဝ ရာခိုင်နှုန်း ပိုမြန်တယ်လို့ သိရတယ်။ မတော်တဆ ကျွန်တော်တို့ဆီကို အဲ့ဒီပိုး ရောက်လာမှာလည်း စိုးရိမ်ရတယ်။ လက်ရှိ ရောက်လာနိုင်တဲ့ နည်းလမ်းကလည်း လေကြောင်းကပဲ အဓိက ဖြစ်တယ်ပေါ့နော်။ ဒါကြောင့် ပိတ်ရတာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကူးစက် ဖြစ်ပွားနေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးများတွင် ဗီဇပြောင်း ဗိုင်းရပ်စ်သစ် မျိုးကွဲအသစ်များ ဝင်ရောက်ခြင်းရှိ၊ မရှိ ဆေးသုတေသနဦးစီးဌာနက စစ်ဆေးခဲ့ပြီး အင်္ဂလန်နှင့် ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့ရသည့် ပိုမိုကူးစက်မြန် ဗီဇအသစ် ဗိုင်းရပ်စ်ကို မတွေ့ရှိရသေးသော်လည်း ဆက်လက် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

“ဒါကတော့ တစ်ကြိမ်တည်းနဲ့ မရဘူး။ တောက်လျှောက် ဓာတ်ခွဲနမူနာတွေကို စစ်နေရမှာပေါ့။ ဆေးသုတေသနက တောက်လျှောက် စစ်နေပါတယ်။ ကာကွယ်ရေး နည်းလမ်းတွေကို ပိုလိုက်နာဖို့ လိုပါတယ်။ မဟုတ်ရင် ဒီပိုးကလည်း ဝင်သွားမယ်၊ ကူးစက်ကလည်း မြန်တယ်၊ ကောင်းကောင်းလည်း မကာကွယ်ထားဘူးဆိုရင် ပြန့်သွားဖို့ များတာပေါ့။ ကိုရိုနာဗိုင်းရပ်စ်ကို ကျွန်တော်တို့ နှိမ်နင်းနေတဲ့ အချိန်မှာ ရန်သူက ပိုအားကောင်းလာတဲ့ သဘောရှိတာပေါ့” ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုးများ၏ ဗီဇပြောင်းလဲမှုသစ်များအနက် ပိုမိုလျှင်မြန်စွာ ကူးစက်သည့် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် “VUI - 202012/01” ကို အင်္ဂလန်နှင့် ကမ္ဘာ့နိုင်ငံအချို့တွင် တွေ့ရှိခဲ့ပြီး ဗြိတိန်နှင့် မြောက်အိုင်ယာလန် နိုင်ငံများတွင်ပါ တွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာအဖွဲ့ (WHO) က ကြေညာခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်သစ် တွေ့ရှိထားသည့် နိုင်ငံများမှ ခရီးသွားများကြောင့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အန္တရာယ်ရှိနိုင်ကြောင်းလည်း အသိပေးထားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်သူ ၁၂၅၆၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၇၁၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly