ဘေးမဲ့နွားများရှိရာ ပန်းတောကုံးရွာ

ဘေးမဲ့နွားများရှိရာ ပန်းတောကုံးရွာ
ဓာတ်ပုံ - စိုးရာဇာထွန်း

ဇန်နဝါရီ ၂

သဘာဝတရားရိပ်သာ(သန်လျင်) ဆရာတော်၏ လမ်းညွှန်မှုဖြင့် လှည်းကူးမြို့နယ်၊  ပန်းတောကုံးကျေးရွာတွင် ဘေးမဲ့ပေးထားသောနွားများ ခိုနားရာနေရာတစ်ခု ရှိနေပါသည်။ ၂၀၁၆ ခုနှစ်လောက်က စတင်ကာ အနယ်နယ်အရပ်ရပ်က လာရောက်လှူဒါန်းကြသော နွားကောင်ရေ ၆၂ ကောင်အား ပြုစုစောက်ရှောက်ခဲ့ရာ လက်ရှိတွင် ၁၀၆ ကောင်ထိ တိုးလာပြီဖြစ်သည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

ခန့်မှန်းပေ ၁၅၀ ပတ်လည်ခြံတွင် ကောင်းမွန်စွာ စောက်ရှောက်ခံထားရသည်မှာ မြင်ရသူအတွက် စိတ်ချမ်းသာစရာပေ။ နွားများအား မနက်ပိုင်း ၉ နာရီကျော်တွင် ငမိုးရိပ်ဆည်ဘေးရှိ ကျယ်ပြန့်သော စားကျတ်မြေများသို့ လွှတ်ပေးကာ ညနေ ၅ နာရီကျော်ချိန်မှာတော့ ခြံထဲပြန်သွင်းပေးသည်။ စားကျတ်များသို့ လွှတ်ပေးလိုက်ချိန်ကစလို့ လွတ်လွတ်လပ်လပ် သွားလာစားသောက်ကြပြီး သူတို့ဘာသာသူတို့ ညနေ ၃ နာရီခန့်တွင် သူတို့၏ အိမ်ဂေဟာလေးဆီ ပြန်လှည့်လာကြသည်။ ပျောက်သည်ဟု၍ တစ်ခါမှ မရှိပေ။ ဘေးမဲ့နွားများဖြစ်၍ ခိုင်းနွားများကဲ့သို့ ရိုင်းပြခြင်းအပြုအမူလည်း သိပ်မတွေ့ရပေ။ ယဉ်ကြသည်။ ထိန်းကျောင်းသူ၏ မိသားစုနှင့် အလွန်ရင်းနှီးကျွမ်းဝင်လှသည်။ တစ်ခွန်းပြောလျှင် တစ်ခွန်း နားထောင်တက်သည်။ ပြောသလို လုပ်သည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

သို့သော် ရံဖန်ရံခါ သူများစိုက်ခင်းများထဲ ဝင်စားတက်သဖြင့် ငွေပြန်ရောပေးရသည်။ တစ်ခါတရံ ပြန်မလာပေ။ များသောအားဖြင့် နွားမများ ပြန်လာလေ့ မရှိပေ။ ထို့သို့မလာသော နွားများအား နောင်တစ်နေ့တွင် အချိန်အတောကြာ မလွှတ်ပဲ ထားထားရသည်။ သူတို့နားလည်အောင် ထိုသို့ပြုလုပ်ရခြင်းဟု ထိန်းကျောင်းရသူ ကိုလင်းက ဆိုသည်။ ယခုတော့ ကိုလင်းသားများက ၎င်းဘေးမဲ့နွားများအား လက်ဆင့်ကမ်း ထိန်းကျောင်းပေးလျက်ရှိသည်။ လွှတ်ထားလိုက်လျှင် ကြည့်စရာမလိုပေ။ ပြန်မလာသော အချို့နွားများကိုသာ သွားခေါ်ရတာမျိုး ရှိတက်သည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

နှစ်နှင့်ချီထိန်းသိမ်းလာသူ ကိုလင်းမှာ နွားများ မကျန်းမမာဖြစ်လျှင် ဆေးကုသပေးသည်။ တစ်ခါတရံ ကုသငွေအား သူ့အိပ်စိုက်ကာ ကုသပေးသည်။ သေလျှင် မြေမြှပ်ပေးသည်။ သေသည့်နွားအား စားသည်ဟု တစ်ခါမှမရှိပေ။ နွားများအား သူတို့စာကျတ်မြေများရှိရာ ငမိုးရိပ်ဆည်နားတစ်ဝိုက်က တောများတွင် သုံးဘီးဖြင့်သယ်ကာ မြှပ်ပေးသည်။ လက်ရှိချိန်ထိ နွားအကောင် ၂၀ ကျော် သေဆုံးသွားပြီ ဖြစ်သည်။ လက်ရှိ နွားတစ်ကောင်လည်း အသက်ကြီး၍ သေရန်ဖြစ်နေပါပြီ။ နောက်တစ်ကောင်မှာလည်း အချဉ်းကျနေ၍ ဆေးကုသပေးနေရသည်။ သို့သော်လည်း ဤဘေးမဲ့နွားများအားလုံး ကံကောင်းကြသည် မဟုတ်ပါလား။ ယခုလို ဘေးမဲ့ရဖို့က တော်တော်ကုသိုလ်ရှိမှ ရရှိသော ခဲယဉ်းသည့်အခွင့်အရေးပင်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

ဤနေရာရှိနွားများမှာ အခိုင်းခံရခြင်းမရှိ၊ အရိုက်ခံရခြင်းလည်း မရှိ၊ လယ်ထွန်ရခြင်းလည်းမရှိ၊ သလင်းနယ်ရခြင်းလည်း မရှိ၊ နို့ညစ်ခံရခြင်းလည်းမရှိ၊ အစားခံရခြင်းလည်း မရှိ၊ အဟောက်ခံရခြင်းလည်းမရှိ အေးချမ်းစွာ အသက်ရှင်သန်နေရသည်။ အနယ်နယ်အရပ်ရပ်မှ ကံတရားအရ ဘေးမဲ့ပေးဖို့ ဖြစ်လာသော နွားများမှာ သူတို့၏ကုသိုလ်ကံအရ ယခုနေရာသို့ ရောက်ရှိလာကြသည်။ ထို့ရောက်လာသော နွားများအား ကိုလင်းမှာ ပရဟိတစိတ်ဖြင့် ကူညီပေးခြင်းသာ ဖြစ်သည်။ ထို့အတွက် သူအား တစ်လလျှင် ၃ သိန်းခွဲပေးထားသည်။ နွားကောင်ရေနှင့် ပေးထားသည့်လစာမှာ မမျှသောလည်း ကိုလင်းတစ်ခါမျှ မငြီးငြူခဲ့ပေ။ ထို့မျှမကသေး သူပိုင်သောမြေအားလည်း ထိုဘေးမဲ့နွားများအတွက် အခကြေးငွေမယူပဲ အသုံးပြုခွင့် ပေးထားသေးသည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

ယခုနွားများအား ဆိုးလွန်းသောကြောင့် ဘေးမဲ့ပေးလှူလိုက်ကြသလို အချို့အလှူရှင်များမှာ ဘေးမဲ့ပေးချင်စိတ် ဖြစ်ပေါ်လာရာမှ ဘေးမဲ့ပေးလိုက်သောနွားများလည်း ဤနေရာသို့ ရောက်လာကြသည်။ ဤဘေးမဲ့နွားများအား သူတို့၏ နွားချေးပြန်ရောင်းလို့ရသောငွေတစ်ခုကလွဲ၍ နွားများကိုအသုံးချ၍ စီးပွားဖြစ်မွေးမြူခြင်းမျိုး လုံးဝမရှိပေ။ နွားချေးရောင်းရခြင်းကလည်း ဤငွေဖြင့် နွားများကုန်ကျငွေအား ပြန်ကာမိဖို့ဖြစ်သည်။ နွားချေးတစ်အိပ်မှ ၄၀၀ ကျပ်တည်း ဖြစ်သည်။ နွားများအားလုံး အကျဉ်းအကြပ်မရှိ ဒီမိုကရေစီအပြည့်အဝရသော ဘေးမဲ့နွားများသာဖြစ်သည်ကို တွေ့ရသည်။

ဓာတ်ပုံ - စိုးရာဇာထွန်း 

သို့သော် လက်ရှိတွင် ဤဘေးမဲ့နေရာမှာ ဘေးမဲ့အဖြစ် ရောက်ရှိလာမည့် နွားများအတွက် မြေနေရာ မရှိတော့သည်ကို ဝမ်းနည်းစွာ ကြားသိရသည်။ မြေနေရာအခက်အခဲက ဘေးမဲ့နွားများတိုးပွားဖို့ ထိတ်လန့်ဖွယ်အခြေအနေဆိုးနှင့် ကြုံနေရသလိုပေ။ ထို့အတွက် ဘေးမဲ့နွားများ နေထိုင်ဖို့ မြေနေရာလိုနေသည်။ ထို့ကြောင့်လည်း မည်ကဲ့သို့ အဖြေရှာကြမလဲဆိုသည်မှာလည်း စိတ်ခေါ်မှုတစ်ခု ဖြစ်လျက်ရှိနေပါ‌သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly