ဆိုလေမာနီကို လုပ်ကြံသူတွေ အန္တရာယ်မကင်းဘူးလို့  အီရန်သတိပေး  

ဆိုလေမာနီကို လုပ်ကြံသူတွေ အန္တရာယ်မကင်းဘူးလို့  အီရန်သတိပေး  
Photo - AFP

ဇန်နဝါရီ  ၂ 

အမေရိကန်ရဲ့လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့တဲ့ အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီကို ချီးကျူးဂုဏ်ပြုတဲ့ ပထမဆုံးနှစ်ပတ်လည်အခမ်းအနားကို အီရန်မှာ သောကြာနေ့က စတင်ကျင်းပခဲ့ပြီး ဆိုလေမာနီကို သတ်ဖြတ်သူတွေဟာ ကမ္ဘာမှာ အန္တရာယ်ကင်းမှာ မဟုတ်ဘူးလို့ တရားသူကြီးချုပ် အီဘရာဟင် ရာအိစ်က သတိပေးပြောကြားလိုက်ပါတယ်။  

ဆိုလေမာနီဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက်လေဆိပ်အနီးမှာ အမေရိကန်ရဲ့ ဒုံးလက်နက်နဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကာ နှစ်နိုင်ငံအကြား တင်းမာမှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။  

ဆိုလေမာနီအတွက် တီဟီရန်တက္ကသိုလ်မှာကျင်းပတဲ့ ဂုဏ်ပြုအခမ်းအနားမှာ တရားသူကြီးချုပ် အီဘရာဟင်က “တိုက်ခိုက်မှုအတွက် ညွှန်ကြားခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တောင် တရားမျှတမှုက လွတ်ကင်းမှာ မဟုတ်ပါဘူး။ ပြင်းထန်တဲ့လက်စားချေမှုတွေ မြင်တွေ့ရမှာပါ။ ဖြစ်ပျက်ပြီးသမျှ လက်စားချေမှုတွေဟာ ခပ်ပါးပါးပဲရှိပါသေးတယ်” လို့ ပြောခဲ့ပါတယ်။ 

အဆိုပါအခမ်းအနားကို အီရန်အရာရှိတွေနဲ့  ဆီးရီးယား ၊အီရတ်၊ လက်ဘနွန်နဲ့ ယီမင်အစရှိတဲ့ မဟာမိတ်ဒေသတွင်းနိုင်ငံနဲ့တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။  

ဆိုလေမာနီကိုမြှုပ်နှံရာ သူ့ရဲ့မွေးရပ်မြေ ကာမန်မြို့မှာလည်း လာမယ့်ရက်အတွင်း သီးခြားဂုဏ်ပြုပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ 

ဆိုလေမာနီကို လုပ်ကြံတဲ့အထဲမှာ ပါဝင်ပတ်သက်သူအားလုံးဟာ ပြန်လည်ပေးဆပ်ရမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီအပါအဝင် အီရန်ထိပ်တန်းအာဏာပိုင်များက ယခင်က ပြောခဲ့ပြီး ဖြစ်ပါတယ်။  

ဆိုလေမာနီသေဆုံးပြီး ရက်ပိုင်းအကြာမှာပဲ အီရန်က အီရတ်မှာရှိတဲ့ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေနဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အီရန်အနေနဲ့ သတိပေးမှုသာဖြစ်ပြီး နောက်ထပ်ပြင်းထန်တဲ့လက်စားချေမှုတွေ လာမှာဖြစ်တယ်လို့ အီရန်ခေါင်းဆောင်တွေက သန္နိဋ္ဌာန်ပြု ပြောခဲ့ကြပါတယ်။ 

 တန်ပြန်လက်စားချေမှုဟာ ဘယ်နေရာကမဆိုလာနိုင်ပြီး ရာဇဝတ်မှုကိုတုံ့ပြန်မယ့်သူတွေဟာ အမေရိကန်မှာတောင် ရှိနေနိုင်တယ်လို့ ဆိုလေမာနီဆက်ခံသူ အက်စမာအီလ် ကာနီက သောကြာနေ့အခမ်းအနားမှာ ပြောခဲ့ပါတယ်။ 

အမေရိကန်က ၂၀၁၈ ခုနှစ်က အီရန်နျူကလီးယားသဘောတူချက်ကနေ နုတ်ထွက်သွားပြီးနောက် အရေးယူပိတ်ဆို့မှုတွေပြလုပ်လာခဲ့တဲ့နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။  

၂၀၁၉ ခုနှစ် ဇွန်လက စလို့ အထူးသဖြင့် ဆိုလေမာနီကို လုပ်ကြံပြီးနောက်ပိုင်း အမေရိကန်နဲ့အီရန်တို့ဟာ စစ်ဖြစ်လုနီးပါးအခြေအနေ နှစ်ကြိမ်တိုင်တိုင် ရှိခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly