ဗိုလ်ချုပ်ကြေးရုပ်မြေနေရာ ရရှိရန် အစိုးရသစ်ထံ ဆက်လက်တောင်းခံမည်

ဗိုလ်ချုပ်ကြေးရုပ်မြေနေရာ ရရှိရန် အစိုးရသစ်ထံ ဆက်လက်တောင်းခံမည်
ဓာတ်ပုံ- မာန်ဇာမြေမွန်

ချောင်းဦး၊ နိုဝင်ဘာ ၂၁ ။            ။ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန် မြေနေရာ အခက်ခဲဖြစ်ပေါ်နေရာ အစိုးရသစ်ထံ ဆက်လက်တောင်းခံ သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတ၊ စသည့်ဖြင့် လိပ်မူကာ မြေနေရာတောင်းခံခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပဲ စိုက်ထူရန်ခက်ခဲနေ ခြင်းဖြစ်သည့် အတွက် နောင်လာမည့် အစိုးရလက်ထက်တွင် ဆက်လက်တောင်းခံရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ဧပြီလ ကတည်းက မြေနေရာ ပေးဖို့တောင်းခံခဲ့တယ်၊ ယခု ကြေးရုပ်က သွန်းလုပ်ပြီးသွားပြီ မြေနေရာ မရသေးဘူး၊ ဒါ့ကြောင့် ဘုန်းကြီးကျောင်းထဲမှာ ခဏထားရတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ နိုင်ငံတော်သမ္မတဆီစာတင်ပြီးတောင်ခံထားတယ်။ မထူးသေးဘူး။ ဒါ့ကြောင့်မို့ အစိုးရသစ်ဖွဲ့ပြီးမှ ထပ်မံတောင်းခံသွားရမယ်။" ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့တွင် စိုက်ထူနိုင်ရန်အတွက် ချောင်းဦးမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ချစ်မြတ်နိုးသူများစုစည်းကာ ကော်မတီတရပ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ အလှူ ခံခြင်း လှုံ့ဆော်ခြင်း များပြုလုပ်ခဲ့ ကာ ယခုနှစ်အတွင်းအပြီးစိုက်ထူရန် စီစဉ်ခဲ့သော်လည်း  မြေနေရာအခက်ခဲ ကြောင့် စိုက်ထူနိုင်မည် မဟုတ်တော့ကြောင်း ကော်မတီ နာယက ဦးအောင်သန်းကပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်အရွယ်အစားသည် ၇ ပေ ၈ လက်မ နှင့် ခွာ အမြင့် ၄ လက်မ ဖြစ်ပြီး ကျပ်သိန်း ၈၀ ကုန်ကျပြီး  ဖွင့်လှစ်စိုက်ထူပြီးချိန်ထိ ကျပ်သိန်း ၁၀၀ ကျော်ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly