လီဗာပူးလ်ကို ကစားသမားများသဘောကျသည့် အသင်းဖြစ်လာရန် ဂျာဂင်ကလော့ပ် တည်ဆောက်မည်

လီဗာပူးလ်ကို ကစားသမားများသဘောကျသည့် အသင်းဖြစ်လာရန် ဂျာဂင်ကလော့ပ် တည်ဆောက်မည်

လီဗာပူးလ်၊ နိုဝင်ဘာ ၂၁ ။              ။ လီဗာပူးလ်အသင်း၏ နည်းပြဂျာဂင်ကလော့ပ်က ၎င်း၏အသင်းကို ကစားသမားများ သဘောကျသည့် အသင်းမျိုးဖြစ်လာစေရန် တည်ဆောက်သွားမည်ဟု   ပြောသည်။

ဂျာဂင်ကလော့ပ်သည် စတာလင်းကဲ့သို့ လူငယ်ခြေတက်ကစားသမားများအသင်းကို စွန့်ခွာသွားခြင်းမျိုး ထပ်မံမဖြစ်ပွားစေရန် လီဗာပူးလ်ကို ပြင်ဆင် တည်ဆောက်သွားလိုလျက်ရှိသည်။

လီဗာပူးလ်တွင်ကစားပြီး ခြေစွမ်းထက်မြက်လာသည့် စတာလင်းသည် ယခုနှစ်ရာသီအစက ပြောင်းရွှေ့ကြေးပေါင် ၄၉ သန်းဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုဖြစ်စဉ်ကို လီဗာပူးလ်ပရိသတ်များက အမျက်ဒေါသထွက်လျက်ရှိကြသည်။

ဂျာဂင်ကလော့ပ်က 'စတာလင်းရဲ့ အပြောင်းအရွှေ့ပုံပြင်မှာ ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒီလို အလားတူ အပြောင်းအရွှေ့တွေရဲ့ အကြောင်းကိုတော့ ကျွန်တော်သိပါတယ်။

ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်အသင်းကို ကစားသမားတွေက မစွန်ခွာလိုတဲ့ အသင်းဖြစ်အောင်ကြိုးစားတည်ဆောက်သွားမှာပါ။ ဒီလိုဖြစ်ဖို့က ခက်ခဲပေမယ့် ကျွန်တော်တို့ ဒါကိုလုပ်သွားမှာပါ။ ဒီကိစ္စက ဖြစ်နိုင်ပါတယ်။ ရှည်လျားလွန်းတဲ့ ခရီးရှည်ကြီးဖြစ်ပေမယ့် အခုအချိန်ကစပြီး လုပ်ဆောင်သွားပါမယ်။ ဒါက ဖြစ်နိုင်ပါတယ်' ဟု ပြောသည်။

ကလော့ပ်က ယခုကဲ့သို့ ပြောဆိုခဲ့သော်လည်း ဒေါ့တ်မွန်အသင်းကို ၎င်းကိုင်တွယ်စဉ်က မွေးထုတ်ပေးခဲ့သည့် ဂေါ့ဇီနှင့် လီဝန်ဒေါစကီးတို့ကဲ့သို့ ကစားသမားကောင်းများကို ဘိုင်ယန်အသင်းက ဝယ်ယူခဲ့သည်။ ကလော့သည် ယခုအချိန်အထိ အောင်မြင်မှုကို ငွေဖြင့်ဝယ်ယူ၍မရဟု ယုံကြည်လျက်ရှိနေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly