မာလီထိပ်တန်းဟိုတယ်ကို အစ္စလာမ်စစ်သွေးကြွများတိုက်ခိုက် နိုင်ငံခြားသားများအပါအဝင် လူ၁၉ဦး သေဆုံး

မာလီထိပ်တန်းဟိုတယ်ကို အစ္စလာမ်စစ်သွေးကြွများတိုက်ခိုက် နိုင်ငံခြားသားများအပါအဝင် လူ၁၉ဦး သေဆုံး

ဘာမာကို၊ နိုဝင်ဘာ-၂၁ ။               ။ နိုဝင်ဘာ ၂၀ရက်နေ့က မာလီကွန်မန်ဒိုများက အဆောက်အအုံကို ဝင်စီးပြီး နိုင်ငံခြားသားအများအပြားပါဝင်သည့် လူပေါင်း ၁၇၀ကို မကယ်ဆယ်မီအထိ အစ္စလာမ်စစ်သွေးကြွများက မာလီမြို့တော်အတွင်းရှိ ထိပ်တန်းဟိုတယ်တစ်ခုကို တိုက်ခိုက်ရာတွင် လူ ၁၉ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

သမ္မတ အိဘရာဟင် ဘူဘာကာ ကီတာက အသေအပျောက်စာရင်းကို ကြေညာပြီး တိုက်ခိုက်မှုတွင် ၇ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားနေချိန်တွင် ဂျီဟတ်အုပ်စုတစ်စုဖြစ်သည့် အစ္စလာမ် မက်ဂရက် အယ်လ် မူရာဘီတောင်နှင့် အယ်လ်ခိုင်ဒါ (AQIM)က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သောကြာနေ့တိုက်ခိုက်မှုမှာ မြောက်ပိုင်း သဲကန္တာရတွင် အခြေစိုက်သည့် အစ္စလာမ်သူပုန်များကို နှစ်ပေါင်းများစွာ တွန်းလှန်တိုက်ခိုက်လာနေခဲ့ရသည့် မာလီနိုင်ငံအတွင်းရှိ အထင်ကရပစ်မှတ်များကို လူအမြောက်အများသေဆုံးသည့် စီးနင်းတိုက်ခိုက်မှုများတွင် လတ်တလောအကျဆုံး ဖြစ်ရပ်ပင်ဖြစ်သည်။

‘ဒီညအသေအပျောက်နှုန်းက ကြီးမားပါတယ်’ဟု ကီတာက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့ပြီး ၁၀ရက်တာ အရေးပေါ်အခြေအနေလည်း ကြေညာခဲ့သလို၊ သုံးရက်တာ ဝမ်းနည်းပူဆွေးမှုလည်း သတ်မှတ်ခဲ့သည်။ စီးနင်းတိုက်ခိုက်မှုတွင် စစ်သွေးကြွနှစ်ဦးလည်း သေဆုံးခဲ့သည်။

ယခုတိုက်ခိုက်မှုမှာ တာရက်လူမျိုးစုများ၏ ၂၀၁၂သူပုန်ထမှုအပြီးတွင် တည်ငြိမ်မှုထိန်းသိမ်းရန် ကြိုးစားသည့်အနေဖြင့် မာလီမြောက်ပိုင်းတွင် တပ်သား ၃၅၀၀ခန့် တပ်စွဲထားခဲ့သည့် ကိုလိုနီအုပ်စိုး သူဟောင်း   ပြင်သစ်အတွက်လည်း ပြင်းထန်သည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။

တာရက်လူမျိုးစုများ၏ တော်လှန်ရေးကို နောက်ပိုင်းတွင် အယ်လ်ခိုင်ဒါနှင့် ချိတ်ဆက်နေသော ဂျီဟတ်များက စီးသွားခဲ့သည်။

ယခုတိုက်ခိုက်မှုက ဝါရင့်စစ်သွေးကြွခေါင်းဆောင် မော့ခတာ ဘယ်မော့ခတာကိုလည်း မီးမောင်းထိုးပြလိုက်သည်။ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အသတ်ခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်ပြီး လပေါင်းအတော်ကြာတွင် မော့ခတာ၏ အယ်လ် မူရာဘီတောင်အုပ်စုက တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

ပြည်တွင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဆာလစ် ထရောင်ရီ၏ ပြောကြားချက်အရ နံနက် ၇နာရီအချိန်တွင် သေနတ်သမားများက လုံခြုံရေးအတားအဆီးကို တဟုန်ထိုးချိုးဖျက်ဝင်ရောက်လာပြီး ‘အာလာဟူ အက္ကဘာ’’ (သို့မဟုတ်) ဘုရားသခင်ဟာ ကြီးမြတ်တယ်’’ဟု အာရပ်ဘာသာဖြင့်အော်ဟစ်က ဧရိယာတစ်ဝိုက်ကို သေနတ်သံများဖြင့် ဖုံးလွှမ်းပစ်ခဲ့သည်ဟု ဆိုသည်။

‘ပထမတော့ ကားသူခိုးတွေလို့ ထင်နေတာ။ နောက်တော့မှာ သူတို့က ကျနော့ရှေ့မှာတင် အစောင့်နှစ်ယောက်ကို သတ်လိုက်ပြိး နောက်တစ်ယောက်ကိုလည်း ဗိုက်ကို သေနတ်နဲ့ ပစ်လိုက်တော့မှ ကားခိုးတာထက် ပိုဆိုးနေပြီလို့ သိလိုက်ရတယ်’’ဟု တိုက်ခိုက်မှုအစကို မြင်လိုက်ရသည့် မာလီ ဥပဒေကျွမ်းကျင်သူ မိုဒီ ကူလီဘာလီလိုင်းက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုမှာ ညနေ၄နာရီတွင် အဆုံးသတ်သွားခဲ့ပြီး ဟိုတယ်ကို ရှာဖွေနေသည့် ကုလငြိမ်းချမ်းထိန်းများ၏ ကနဦးရေတွက်မှုအရ အလောင်းပေါင်း ၂၇လောင်း တွေ့ရှိရသည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသားတစ်ယောက်လည်း အသတ်ခံခဲ့ရသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မာလီရှိ အမေရိကန်နိုင်ငံသားအားလုံးကို ဆက်သွယ်ရန် ကြိုးစားနေကြောင်းနှင့် ကူညီစုံစမ်းပေးရန်လည်း မာလီအစိုးရကို ကမ်းလှမ်းထားပြီး အမေရိကန်များအနေဖြင့်လည်း ဘာမာကိုတစ်ဝိုက်တွင် အသွားအလာဆင်ခြင်ကြရန် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly