ထိုင်းတွင် စက္ကူပျော့ဖတ်ကန်ထဲဆင်းသည့် မြန်မာလုပ်သား ၃ ဦး အောက်ဆီဂျင်ပြတ် သေဆုံး

ထိုင်းတွင် စက္ကူပျော့ဖတ်ကန်ထဲဆင်းသည့် မြန်မာလုပ်သား ၃ ဦး အောက်ဆီဂျင်ပြတ် သေဆုံး

ဒီဇင်ဘာ ၃၀၊ ၂၀၂၀

ထိုင်းနိုင်ငံတွင် စက္ကူပျော့ဖတ် စက်ရုံကန်အတွင်း ဆင်းသည့် မြန်မာသုံးဦး အောက်ဆီဂျင် ပြတ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချချင်းစောင်ခရိုင်၊ ချချင်းစောင်မြို့နယ်၊ ခလောင်နခွန် နေအာ ရပ်ကွက်ရှိ စက္ကူ ပျော့ဖတ်စက်ရုံတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသား သုံးဦး စက္ကူပျော့ဖတ်ကန်အတွင်း ကျသွားသည့် ပိုက်ကို ဆင်းကောက်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာ-ထိုင်း ချစ်ကြည်ရေး ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က “စက္ကူ paper board ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်တယ်။ ကန်ထဲ ပိုက်ပြုတ်ကျရာမှ ဆင်းကောက်ရင်းနဲ့ အောက်ခြေမှာ အဆိပ်ဓာတ်ငွေ့တွေ ရှူမိပြီး သေဆုံးတာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ သေဆုံးခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးဦးမှာ အသက် ၂၀ နှစ်အရွယ် နှစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ပိုက်ပြုတ်ကျသည်ကို ပထမ မြန်မာလုပ်သား တစ်ဦးက ဆင်းကောက်ရာ အောက်ဆီဂျင်ပြတ်ပြီး မေ့လဲကျခဲ့သည်။ နောက်ထပ် နှစ်ဦးကလည်း လိုက်ဆင်းရာက သုံးဦးစလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။ စတုတ္ထမြောက် ဆင်းသည့် မြန်မာလုပ်သားမှာမူ ကယ်ဆယ်ရေးများ အချိန်မီ ရောက်လာသဖြင့် သတိလစ်ခဲ့သော်လည်း အသက်မသေဘဲ ပြန်လည် သက်သာလာကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် မြန်မာရွေ့ပြောင်း အလုပ်သမား အများစု အလုပ် လုပ်ကိုင်နေသည့် စက်ရုံတစ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly