အိုင်အက်စ်အုပ်စုက ၄င်း၏တိုက်ခိုက်ရေးသမားများကို စိတ်ကြွရူးသွပ်ဆေးများသုံးစွဲစေပြီး စစ်တိုက်ခိုင်းနေဟုဆို

အိုင်အက်စ်အုပ်စုက ၄င်း၏တိုက်ခိုက်ရေးသမားများကို စိတ်ကြွရူးသွပ်ဆေးများသုံးစွဲစေပြီး စစ်တိုက်ခိုင်းနေဟုဆို

ဝါရှင်တန်၊ နိုဝင်ဘာ-၂၁ ။              ။ အိုင်အက်စ် အကြမ်းဖက်သမားများကို သဘောတရားရေး မှိုင်းတိုက်ရုံသာမက အရှေ့အလယ်ပိုင်းတွင် ကျော်ကြားသည့် မှောင်ခိုဈေးကွက်မှလာသော အမ်ဖီတမင်း စိတ်ကြွဆေးများဖြင့်လည်း တွန်းအားပေးလှုံ့ဆော်နေခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

‘သူတို့က ကျနော်တို့ကို မူးယစ်ဆေးတွေပေးတယ်။ သေသေရှင်ရှင် ဂရုမစိုက်ဘဲ စစ်ပွဲထဲ မိုက်မိုက်မဲမဲ ဝင်တိုးစေတဲ့ အာရုံမှောက်မှားဆေးတောင့်တွေလည်း ပေးတယ်’ဟု အိုင်အက်များနှင့်အတူ တစ်နှစ်ကျော် တိုက်ခိုက်ခဲ့သည့် ကာရင်းဟုအမည်ရသည့် ၁၉နှစ်အရွယ် တိုက်ခိုက်ရေးသမားတစ်ဦးက ယမန်နှစ်က စီအင်အင်မှ အိုင်ဗန် ဝပ်ဆန်ကို ပြောကြားခဲ့သည်။

ထိုစဉ်က ကာရင်းမှာ ကာ့ဒ်စစ်သွေးကြွများ၏ အကျဉ်းသားတစ်ယောက်ဖြစ်နေရာ သူ၏ပြောဆိုချက်မှာ မှန်သလား မှားသလားဆိုသည်ကို စီအင်အင်က အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

သို့ရာတွင် ဂျီဟတ်တိုက်ခိုက်ရေးသမားအချို့မှာ ခွန်အားကို တမုဟုတ်ချင်းတိုးပွားစေပြီး အထူးတလည်ပျော်ရွှင်စေသည့် ကပ်တာဂွန် (Captagon)ဟုခေါ်သော အမ်ဖီတမင်းဆေးတောင့်ကို သုံးစွဲသည်ဟု ယုံကြည်ရကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

‘တစ်ကြိမ်သုံးထားရင် ရက်ပေါင်းများစွာ အိပ်စရာမလိုဘဲ နိုးကြားနေမယ်။ နေလို့ထိုင်လို့ကောင်းပြီး သာယာပျော်ရွှင်တဲ့ အာရုံကိုပေးတယ်။ သင့်ကိုမမြင်နိုင်ဘူး၊ ဒါ့ကြောင့် ဘယ်သူကမှလည်း သင့်ကို အန္တရာယ်မပြုနိုင်ဘူးလို့ အထင်ရောက်နေမယ်’ဟု Medstar Washington Hospital Centerမှ စိတ်ပညာရှင် ဒေါက်တာ ရောဘတ် ကဲစလင်းက ပြောကြားခဲ့သည်။

ကပ်တာဂွန်က အကြမ်းဖက်သမားများကို စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်စေပြီး တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း ကြာရှည်ထိန်းထားနိုင်စေသည်ဟု ဝေဖန်သုံးသပ်သူများက   ပြောကြားသည်။

‘အိုင်အက်စ်တွေရဲ့ နောင်တော်ကြီးဖြစ်တဲ့ အီရတ်က အယ်လ်ခိုင်ဒါတွေဟာ ဥပမာ တိုက်ပွဲမှာ သေနတ်နဲ့အပစ်ခံရရင်တောင်မှ နာကျင်မှုကို ကြံ့ကြံ့ခံနိုင်စေတဲ့ အမ်ဖီတမင်းသုံးစွဲတဲ့ တိုက်ခိုက်ရေးသမားတွေရှိတာကြောင့် လူသိများခဲ့တယ်။

ဒီဆေးတွေသုံးလိုက်တော့ သူတို့ဟာ စစ်မြေပြင်မှာ ပိုပြီး ကြောက်စရာကောင်းလာတယ်။ အခု အိုင်အက်စ်တွေလည်း ဒီသဘောပါပဲ’ဟု ဒီမိုကရေစီကာကွယ်ရေးဖောင်ဒေးရှင်းမှ ဒါဗစ် ဂါတင်စတိန်းက   ပြောကြားခဲ့သည်။

မူးယစ်ဆေးများကို သူတို့ကိုယ်တိုင် သုံးစွဲရုံသာမက ဆီးရီးယားတွင်ရှိ နှစ်ဖက်စလုံးမှ စစ်သွေးကြွများမှာ ဆေးတောင့်များ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုမှလည်း အကျိုးအမြတ်များ ရနေကြသည်ဟု ကုလ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံးမှ ပြောကြားသည်။

အေဂျင်စီ၏ အကြီးအကဲ ယူရီ ဖီဒိုတော့က ဇွန်လက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာတွင် အိုင်အက်စ်အကြမ်းဖက်သမားများနှင့် al Nusra Front စစ်သွေးကြွအုပ်စုတို့က ကပ်တာဂွန်ထုတ်လုပ်ရန်အတွက် ဓာတုပစ္စည်းများ ခိုးသွင်းမှုကို အားပေးအားမြှောက်လုပ်နေသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly