ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအပြောင်းအရွှေ့အဖြစ် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို သတ်မှတ်

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအပြောင်းအရွှေ့အဖြစ် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို သတ်မှတ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးအပြောင်းအရွှေ့ဖြစ်လာဖို့ သီယာရီ အွန်နရီနဲ့ အဲရစ် ကန်တိုနာတို့ကို ကျော်ဖြတ်ပြီး အနိုင်ယူခဲ့ပါတယ်။ 

Sky Sports News ပေါ်မှာ ပြုလုပ်တဲ့ ခရစ္စမတ်နေ့အထူးအစီအစဉ် Transfer Show panel ကနေ ရွေးချယ်ပေးရာမှာ ရော်နယ်လ်ဒိုဟာ ပရီမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး အပြောင်းအရွှေ့ (၂၀) စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ သူဟာ အဲရစ်ကန်တိုနာ၊ ရွိုင်းကိန်းနဲ့ ဝိန်းရွန်းနီတို့အတူ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ မန်ချက်စတာယူနိုက်တက်ကစားသမား လေးဦးထဲက တစ်ဦးဖြစ်ခဲ့တာပါ။ 

ယူနိုက်တက်ဟာ ရော်နယ်လ်ဒိုကို ၂၀၀၃ ခုနှစ် သြဂုတ်လမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၆ ရာသီအတွင်း သူဟာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပါအဝင် အဓိကဆုဖလား ၈ လုံး ဆွတ်ခူးခဲ့ပါတယ်။ တောက်ပတဲ့ ကြယ်ပွင့်ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း ၇၅၀ ကျော် သွင်းယူခဲ့ပြီး အဓိကဆုဖလား ၃၀ ရယူခဲ့သလို ဘလွန်းဒီအော ၅ ကြိမ်နဲ့ ဖီဖာရဲ့ The best အကောင်းဆုံးဘောလုံးသမားဆု ၂ ကြိမ်လည်း သိမ်းပိုက်ရယူခဲ့ပါတယ်။

"သူ ပြောင်းရွှေ့ခဲ့တုန်းက ယူနိုက်တက်အတွက် ဆိုးဝါးတဲ့ခေါ်ယူမှုလို့ ကျနော် တွေးထင်ခဲ့တယ်။"လို့ Sky Sports News အစီအစဉ်တင်ဆက်သူ တွမ်ဝိုက်က ပြောပါတယ်။ "ဒါဆို အခုတော့ ကျနော်ပြောနေတဲ့ စကားကို နားမယောင်ကြပါတော့နဲ့။" 

သီယာရီ အွန်နရီက ဒုတိယနေရာမှာ ရပ်တည်သည့်တိုင် သူက ပရီးမီးယားလိဂ်မှာ ရော်နယ်လ်ဒိုထက်ပိုပြီး အကျိုးသက်ရောက်မှုရှိတယ်လို့ ငြင်းခုံမှု ရှိနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ သူ့ကို ၁၉၉၉ ခုနှစ်ရဲ့ နွေရာသီမှာ ဂျူဗင်တပ်စ်အသင်ကနေ ပေါင် ၁၁ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဟိုက်ဘူရီမှာ ၈ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ပြီး ကလပ်ရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ဂိုးသွင်း အကျော်ကြားဆုံးထဲက တစ်ဦးဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုက ဒီစာရင်းရဲ့ အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူတွေဖြစ်တဲ့ ရီယို ဖာဒီနန်နဲ့ နီမန်ဂျာ ဗီဒစ်အပါအဝင် ကြယ်ပွင့်ကစားသမားနာမည်အချို့ ဒီစာရင်းကနေ ချန်ရစ်ခဲ့တာကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ 

ပီတာချက်ခ်က ဒီစာရင်းထဲမှာ တစ်ဦးတည်းသော ဂိုးသမားဖြစ်ခဲ့ပါတယ်။ မိုဟာမက်ဆာလာ (၁၁)နဲ့ ဗန်ဒိုက် (၁၄)တို့က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်ကို ကိုယ်စားပြုခဲ့ပါတယ်။

ထိပ်ဆုံး (၂၀) စာရင်း

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို
၂။ သီယာရီ အွန်နရီ
၃၊ အဲရစ်ကန်တိုနာ
၄။ ဖရန့် လမ်းပတ်
၅။ ရွိုင်းကိန်း
၆။ ဒရော့ဘာ 
၇။ ဆိုးလ် ကမ့်ဘဲလ် 
၈။ ဝိန်းရွန်းနီ 
၉။ ကမ်ပနီ 
၁၀။ အလန်ရှီးယား 
၁၁။ မိုဟာမက် ဆာလာ 
၁၂။ ကန်တီ 
၁၃။ ဒဲနစ် ဘားကမ့် 
၁၄။ ဗန်ဒိုက် 
၁၅။ ဇိုလာ 
၁၆။ ဒေးဗစ်ဆေးလ်ဗား 
၁၇။ ပက်ထရစ် ဗီအဲရာ 
၁၈။ ဟာဇက် 
၁၉။ အဂူရို 
၂၀။ ပီတာချက်ခ် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly