ခွဲခြားဖိနှိပ်မှု ပိုခံနေရသည့် မြန်မာလုပ်သားများအပေါ် ထိုင်းစားသောက်ဆိုင်ပိုင်ရှင်က စာနာမှုပြ 

ခွဲခြားဖိနှိပ်မှု ပိုခံနေရသည့် မြန်မာလုပ်သားများအပေါ် ထိုင်းစားသောက်ဆိုင်ပိုင်ရှင်က စာနာမှုပြ 

ဒီဇင်ဘာ ၂၅

ထိုင်းတွင် တကျော့ပြန် ဖြစ်နေသည့် ကိုဗစ်ရောဂါလှိုင်းကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အပြစ်ပုံချခံနေရပြီး ဈေးဆိုင်များစွာနှင့် စတိုးဆိုင်များကလည်း မြန်မာလုပ်သားများကို အဝင်မခံချိန် ဘန်ကောက်မြို့ရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကမူ မြန်မာလုပ်သားများကို ကြိုဆိုကြောင်း လူမှုမီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။ 

ထိုင်းတွင် တဖန်ခေါင်းထောင်လာသော ကိုဗစ်ရောဂါသည် မြန်မာ ရွှေ့ပြောင်းလုပ်သား အများစုတွင် ကူးစက်နေပြီး ကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိနေသည်။ 

ဤအချက်ကြောင့် မြန်မာနိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံနေကြချိန်တွင် ဒေသခံနှင့် နိုင်ငံခြားသားအပေါ် သာတူညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားရန် အွန်လိုင်း၌ တောင်းဆို တိုက်တွန်းမှုများလည်း ရှိနေသည်။ 

စားသောက်ဆိုင်ပိုင်ရှင် မစ္စ ချတ်တာမွန် ဆင်တန်ကွန်က ပရာချော်ထစ် ဧရိယာဝန်းကျင်ရှိ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် သူမ၏ ဆိုင်တွင် လာရောက်စားသုံးနိုင်ကြောင်း Facebook တွင် တင်ခဲ့ခြင်းဖြစ်သည်ဟု သည်နေးရှင်း သတင်းစာက ဖော်ပြသည်။ 

မစ္စ ချတ်တာမွန်က ငွေကြေးမရှိသည့် ရွှေ့ပြောင်းလုပ်သားများလည်း အခမဲ့ လာရောက် စားသုံးနိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ သူမ၏ဆိုင်မှာ မနက် ၆ နာရီမှ ည ၇ နာရီအထိ နေ့စဉ်ဖွင့်သောဆိုင် ဖြစ်သည်။ 

မစ္စ ချတ်တာမွန်၏ ယင်းသို့ Facebook မှ ဖိတ်ခေါ်မှုကို အားပေးချီးကျူးသူ အမြောက်အမြား ရှိပြီး သူမကို ငွေလှူဒါန်းလိုကြောင်း ကမ်းလှမ်းသော်လည်း လက်မခံဘဲ ငြင်းပယ်ကြောင်းလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly