ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ အလုပ်မဖြစ်ဟု ရခိုင်အမတ် ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ အလုပ်မဖြစ်ဟု ရခိုင်အမတ် ဝေဖန်

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဖြစ်သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် အလုပ်မဖြစ်ဟု ရခိုင်အမတ်တစ်ဦးက ဝေဖန်လိုက်သည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ လွှတ်တော်သို့ အစီရင်ခံသည့် စာမျက်နှာ ၄ မျက်နှာကျော် ပါဝင်သော အစီရင်ခံစာကို နိုဝင်ဘာ ၂၀ ပြည်သူ့လွှတ်တော် အစည်းအ ဝေးတွင် ဆွေးနွေးစဉ် မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“ကော်မတီရဲ့ အစီအရင်ခံစာ အဆုံးပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုင်စာပေါင်းနဲ့ ပတ်သက်ပြီး ကော်မ တီအနေနဲ့ တစ်စောင်တစ်လေကိုမျှ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပဲ ဆိုင်ရာကော်မတီ၊ ကော်မရှင်တွေ ကိုပဲ လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကော်မတီဟာ အလုပ်မဖြစ် ဘူးဆိုတာ သိသာနိုင်ပါတယ်” ဟု ဦးဖေသန်းက လွှတ်တော်တွင် ပြောသည်။

လွှတ်တော်အမတ် ဦးဖေသန်းဝေဖန်သော ကော်မတီ၏ အစီရင်ခံစာ အဆုံးသတ်စာပိုဒ်တွင် “၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်း ကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာများ၊ တင်ပြစာများနှင့် အခြားတင်ပြစာများမှာ စုစုပေါင်း (၃၇၂၅)စောင် ဖြစ်ပြီး တရားစီ ရင်ရေးနှင့် စပ်လျဉ်း၍ (၁၈၀၀)စောင်၊ လယ်ယာမြေနှင့် စပ်လျဉ်း၍ (၁၂၀၀)စောင်၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ (၆၀၀)စောင်နှင့် အခြားတင်ပြစာများမှာ (၁၂၅)စောင် ဖြစ်ပါသည်”။

“ယင်းစာများအား ကော်မတီအဖွဲ့ဝင်များမှ ဖတ်ရှုလေ့လာစိစစ်ပြီး သဘောထား မှတ်ချက်များ၊ အကြံပြုချက်များပေး၍ သက်ဆိုင်ရာ ကော်မတီများ၊ ကော်မရှင်များသို့ ပေးပို့ပြီး ပူးပေါင်းဆောင်ရွက် လျက် ရှိပါကြောင်းတို့ကို အစီရင်ခံ တင်ပြအပ်ပါသည်” ဟု ရေးသားထားသည်။

အဆိုပါ အဆုံးသတ် စာပိုဒ်အပြင် ကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ပညာပေး ဟောပြောမှုများ၊ သင်တန်းပို့ချခြင်း စသည်တို့ဖြင့်သာ အချိန်ကုန်နေကြောင်း ဦးဖေသန်းက ထပ်မံဝေဖန်ခဲ့သည်။

“ကော်မတီရဲ့ အစီအရင်ခံစာဟာ မျှော်လင့်ချက် အားမာန်တွေ ပျောက်ဆုံးနေပြီးတော့ သမာရိုး ကျ ဝတ်ကျေတန်းကျေအဆင့် အစီအရင်ခံစာမျိုးထက် မပိုပါဘူး” ဟု ၎င်းက ဆိုသည်။
ထိုသို့ ဝေဖန်ပြောဆိုမှုအပေါ် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ပုသိမ်မြို့နယ်အမတ် ဦးဝင်းမြင့်က တရားဥပဒေ စိုးမိုးရေးသည် ကော်မတီတစ်ခု တည်း၏ တာဝန်မဟုတ်ဘဲ လွှတ်တော်တွင် ဖွဲ့စည်းထားသော ကော်မတီများ၊ အစိုးရ၊ တရာစီရင်ရေး၊ ဥပဒေပြုရေးနှင့် ပြည်သူအားလုံး၏ တာဝန်ဖြစ်သည်ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

“ဝတ်ကျေတန်းကျေ အစီရင်ခံစာပဲ ရေးတယ်ဆိုရင် ကျွန်တော်တို့ ကော်မတီကမှ အစီရင်ခံစာ ပုံမှန်တင်နိုင်သေးတယ်။ ကျန်တဲ့ကော်မတီများ ကျွန်တော်ပြောပါတယ်။ အဲ့လို မေးကြစတမ်းဆိုရင် အစီရင်ခံစာတောင် ပုံမှန်တင်နိုင်ပါရဲ့လား။ ဘယ်လောက်များ လက်စွမ်း၊ လက်စတွေ ပြနိုင်ကြပါသလဲ။ ဘယ်လောက်များ ဝတ်ကျေ၊ တမ်းကျေလုပ်ပါသလဲ” ဟု ဦးဝင်းမြင့်က လွှတ်တော်တွင် ပြောသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာယန်ယူကာ အဖွဲ့ဝင် ၁၅ ဦးဖြင့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ လွှတ်တော်သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly