အာတီတာအပေါ် ယုံကြည်မှု ဆက်လက်ထားရှိဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဂွာဒီယိုလာ

အာတီတာအပေါ် ယုံကြည်မှု ဆက်လက်ထားရှိဖို့ အာဆင်နယ်ကို တိုက်တွန်းလိုက်တဲ့ ဂွာဒီယိုလာ
Photos: EPA

မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့က ကာရာဘောင်းဖလားကွာတားဖိုင်နယ် (လိဂ်ဖလား)မှာ အာဆင်နယ်ကို ၄-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ပက်ဂွာဒီယိုလာက နည်းပြ အာတီတာကို ထုတ်ပယ်လိုက်တာဟာ ဂန့်နားတို့အတွက် "အမှာကြီး တစ်ခု"ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြည်တွင်းလိဂ်နဲ့ ဖလားပွဲစဉ်တွေ ၈ ပွဲမှာ တစ်ပွဲမှ အနိုင်ရထားခြင်း မရှိခဲ့ပါဘူး။ 

ဂွာဒီယိုလာရဲ့ လက်ထောက်ဖြစ်ခဲ့သူ အာတီတာဟာ စီးတီးကနေ ထွက်ခွာခဲ့ပြီး အမ်မရိတ်စ်ကွင်းမှာ နည်းပြတာဝန်ရယူတာ ၁၂ လ ရှိနေပါပြီ။ 

အာဆင်နယ်အသင်းအနေနဲ့ အာတီတာနဲ့ ဆက်လက်တွဲဖို့ လို၊ မလို မေးမြန်းရာ ဂွာဒီယိုလာက "သူတို့ သူ့ကို ယုံကြည်လာမှာပါလို့ ကျနော် အသေအချာ ပြောရဲတယ်။"လို့ ဖြေပါတယ်။ 

အာတီတာကလည်း သူဟာ နည်းပြရာထူးကနေ ထွက်ပြေးဖို့ အစီအစဉ်မရှိကြောင်းနဲ့ ကလပ်အသင်းရဲ့ ထောက်ခံမှုကို ရရှိတယ်လို့ ခံစားရကြောင်း စီးတီးနဲ့ ကွာတားဖိုင်နယ် မတွေ့ဆုံခင်က ပြောပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာ သူ့ရဲ့ ပထမရာသီ ကိုင်တွယ်ရာမှာ အက်ဖ်အေဖလားကို ဆွတ်ခူးခဲ့ပြီး အဲဒီနောက် သူ့ရဲ့ အသင်းဟာ သြဂုတ်လကုန်ပိုင်းတုန်းက ကွန်မြူနတီးဒိုင်းလုပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်ကို အနိုင်ရခဲ့ပါတယ်။ 

ဒါပေမယ့် သူတို့ဟာ ၂၀၂၀-၂၁ ရာသီမှာ ဆက်တက် ရလဒ်ဆိုးဝါးနေခဲ့ပြီး တန်းဆင်းဇယားအထက် ၄ မှတ်အကွာ ဇယား ၁၅ နေရာမှာ ရပ်တည်နေသလို လိဂ်ပွဲ ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။ 

သူတို့ဟာ ယူရိုပါလိဂ်ရှုံးထွက် (၃၂)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အင်္ဂါနေ့က စီးတီးရဲ့ အလွယ်တကူ အလှဲထိုးခြင်း ခံခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးရရှိခဲ့တဲ့ ဂွာဒီယိုလာက ၂၀၁၆-၁၇ မှာ စီးတီးမှာ သူ့ရဲ့ ပထမဆုံးရာသီ ဖလားလက်မဲ့ကြုံတွေ့ခဲ့ဖူးတာဖြစ်လို့ အာတီတာဟာလည်း အချိန်ယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

"လူသားတစ်ယောက်အနေနဲ့ သူ့ရဲ့ မယုံကြည်နိုင်လောက်တဲ့ အရည်အသွေးနဲ့ရော အထူးသဖြင့် နည်းပြတစ်ယောက်အနေနဲ့ပါ သူအရာရာတိုင်းမှာ ဘယ်လို ပါဝင်ပတ်သက်နေတယ်ဆိုတာကို ကျနော် ကောင်းကောင်းသိပါတယ်။"လို့ စီးတီးနည်းပြက ဆက်ပြောပါတယ်။

"ဒါဟာ ဒီအချိန်မှာတော့ မေးခွန်းတစ်ခုသာဖြစ်ပြီး သူ အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ 

"ဘောလုံးဟာ တစ်ပတ်တာအလိုက်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ သူ့နဲ့အတူ ကျနော့်ရဲ့ အတွေ့အကြုံအကြောင်းကို ကျနော် ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်သမိုင်းမှာ မယုံကြည်နိုင်အောင်အဖြစ်ဆုံး၊့ အောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်အောင် ကျနော်တို့ လုပ်ဆောင်ခဲ့ပြီး ဒီအောင်မြင်မှုတွေမှာ သူကလည်း အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သူပါ။ 

"သူမပါဘဲ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုးတစ်ခုခုကို ဖန်တီးနိုင်ဖို့ ကျနော့်ရဲ့ ပထမဆုံးရာသီမှာလိုပဲ ခင်ဗျာ အချိန်ယူဖို့လိုပါတယ်။" 

အာတီတာက သူနဲ့ သူ့ရဲ့အသင်းဟာ "ဆက်ပြီး တိုက်ပွဲဝင်နေဦးမှာပါ။"လို့ ပြောပါတယ်။ 

"အခြားနည်းလမ်းတွေလည်း မရှိပါဘူး။ ဒါဟာ တကယ့်ကို ခက်ခဲတဲ့ရလဒ်တစ်ခုပါပဲ။ ဒါပေမယ့် အနာဂတ်အတွက် ကျနော်တို့ကို ကူညီနိုင်မယ့် အရာတွေကို ကြည့်ရမှာပါ။"လို့ အာဆင်နယ်နည်းပြက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly