S.I.R Rock Show ကို ပါတော်မူနေ့အထိမ်းအမှတ်နှင့် ယှဉ်ပြောမိ၍ ဝေဖန်ခံရ၍ ပွဲစီစဉ်သူ ပြန်လည်ရှင်းလင်း

S.I.R Rock Show ကို ပါတော်မူနေ့အထိမ်းအမှတ်နှင့် ယှဉ်ပြောမိ၍ ဝေဖန်ခံရ၍ ပွဲစီစဉ်သူ ပြန်လည်ရှင်းလင်း

မန္တလေး၊ နိုဝင်ဘာ ၂၀ ။             ။ နိုဝင်ဘာ ၂၈ရက်၌ မန္တလေးတွင်လုပ်မည့် S.I.R Rock Show ကို ပါတော်မူနေ့အထိမ်းအမှတ် နှင့် ယှဉ်၍ ပြောဆိုမိခဲ့၍ ဝေဖန်မှုများ၊ ကန့်ကွက်မှုများ ခံခဲ့ရသည့်အတွက် ပွဲစီစဉ်သူ ကိုသက်ဖုန်းခိုင် (ခေါ်) ဂိုဏ်းချုပ်က နိုဝင်ဘာ ၂၀ရက်က မန္တလေး SWAN Hotel တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
 
ကိုသက်ဖုန်းခိုင် (ခေါ်) ဂိုဏ်းချုပ်က “ဒီပွဲစီစဉ်ရခြင်းဟာ သာမန် ROCK SHOW အနေနဲ့သာ လုပ်ခြင်းဖြစ်ပါတယ်။ ပါတော်မူနေ့ အထိမ်းအမှတ် ရှိုးလုပ်ခြင်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ရှင်ဘုရင်နှစ်ပါး တိုင်းတပါးသို့ ပါတော်မူသွားတဲ့ နေ့တစ်ရက်မှာ ကျွန်တော်တို့ ဘယ်လိုမှ ပျော်ရွှင်စရာအကြောင်းလည်းမရှိသလို ပျော်ပွဲရွှင်ပွဲကျင်းပစရာအကြောင်းလည်း မရှိပါဘူး။ ကျွန်တော့်အနေနဲ့ တိုက်ဆိုင်မှုတစ်ခုကိုတင်ပြလိုက်မိခြင်းအပေါ် မီဒီယာက နားလည်သဘောပေါက်မှု လွဲမှားသွားခြင်းသာဖြစ်ပါတယ်။" ဟု ရှင်းလင်းခဲ့သည်။

ထိုသို့သဘောထားနားလည်မှုလွဲခြင်းနှင့်ပတ်သက်၍ ဆွေတော်မျိုးတော်များကိုလည်း တောင်းပန်ပြီးကြောင်းနှင့် ယခု မန္တလေးမြို့ရှိ မြို့မိမြို့ဖများ၊ မြို့ခံများကို တောင်းပန်ကြောင်း သတင်းစာရှင်း လင်းပွဲတွင် ထပ်လောင်း ပြေားကြားခဲ့သည်။

ရှိုးပွဲကိုလည်း မူလသတ်မှတ်ထားသော နိုဝင်ဘာလ ၂၈ ရက်တွင် ကျင်းပခွင့်ပြုရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ဂိုဏ်းချုပ်က ပြောသည်။
 
“ကျွန်တော်တို့အနေနဲ့ မူလရက်လေးကိုခွင့်ပြုပေးစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ အကုန်စီစဉ်ပြီးနေပြီး ရက်ပြောင်းရမယ်ဆိုရင်လည်း ကျွန်တော်တို့အတွက် အဆင်မပြေပါဘူး။ အဲဒီရက်မှာ မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ကို ပရိသတ်ကလည်း ယုံကြည်မှုမဲ့သွားပါလိမ့်မယ်။ ကျွန်တော်မှာ ဘာရည်ရွက်ချက်မှမပါဘူး။ နိုင်ငံရေးလည်းမပါဘူး။ ရိုးရိုးတန်းတန်းပြောခဲ့မိတာပါ။"ဟု ကိုသက်ဖုန်းခိုင် ကပြောသည်။
 
အဆိုပါပွဲအား မန္တလေးမြို့တွင် ကျင်းပရန်အတွက် ခွင့်ပြုမိန့် ပေးတော့မည်မဟုတ်ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly