တိုက်ပွဲများရပ်တန့်ရေး SSPP နှင့် အစိုးရတို့ နိုဝင်ဘာ ၂၃ရက်နေ့ တွေ့ဆုံညှိနှိုင်းတော့မည်

တိုက်ပွဲများရပ်တန့်ရေး SSPP နှင့် အစိုးရတို့ နိုဝင်ဘာ ၂၃ရက်နေ့ တွေ့ဆုံညှိနှိုင်းတော့မည်
(ဓာတ်ပုံ-အီးပီအေ) 

ချင်းမိုင်၊ နိုဝင်ဘာ ၂၀ ။            ။ တိုက်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) လာမည့် နိုဝင်ဘာလ ၂၃ ရက်တွင် တွေ့ဆုံ ညှိနှိုင်းရန် အကြိုညှိနှိုင်းမှုကို နိုဝင်ဘာလ ၂၀ ရက်က ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) အဖွဲ့ဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် SSPP/SSA မှ ကိုယ်စားလှယ်ခေါင်းဆောင် ဗဟိုကော်မတီဝင် စိုင်းနော်လိတ်တို့ နိုဝင်ဘာ ၂၀ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးတွင် ၃၀ မိနစ်ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ကို ကော်မတီဖွဲ့ပြီးတော့ ပြန်လည်ဆွေးနွေးဖို့အကြောင်း မြန်မြန်လေး ဆောင်ရွက်ဖို့ပဲ ဆွေးနွေးတယ်။

ဖိတ်စာက တိုက်ပွဲအကြောင်းတွေ ညှိနှိုင်းဖို့ပေါ့နော်။ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲရယ်။ နောက်ပြီးတော့ ကျနော်တို့ ဖြစ်စေချင်တဲ့ သဘောထားတွေ ညှိနှိုင်းဆောင်ရွက်ဖို့ ကော်မတီဖွဲ့ပြီးတော့ ပြန်လာကြပါလို့ အဲဒါပဲ”ဟု တွေ့ဆုံဆွေးနွေးခဲ့သူ SSPP/SSA မှ ဗဟိုကော်မတီဝင် စဝ်နော်လိတ်က မဇ္ဈိမကို ပြောသည်။

SSPP/SSA ဘက်မှ လက်ရှိ ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေမှုကို ရပ်တန့်ပေးရန်နှင့် တပ်မတော်ဘက်မှ တပ်ဆုတ်ပေးရန် တောင်းဆိုခဲ့မှုအပေါ် လာမည့် တွေ့ဆုံဆွေးနွေးမှုတွင် UPWC မှ ဦးသိန်းဇော်၊ ဦးအောင်မင်းနှင့် ဦးခင်မောင်စိုးတို့ အကောင်းဆုံး ညှိနှိုင်းဆွေးနွေးပေးမည်ဟု ဦးခင်မောင်စိုးက ပြောဆိုခဲ့သည်ဟု စဝ်နော်လိတ်က ပြောသည်။

“ကျနော်က တိုက်ပွဲတွေ ရပ်ပေးဖို့၊ တပ်မတော်က သဘောထားကြီးစွာ မိခင်တပ်ကို ဆုတ်ခွာပေးဖို့ ဒါမှ လူထုတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်နိုင်အောင် တောင်းဆိုတာ။ ကျနော်က အဲဒီလိုပြောတယ်။ သူက တော့ ဦးသိန်းဇော်၊ ဦးအောင်မင်းနဲ့ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားညှိနိုင်းပေးပါ့မယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

အစိုးရဘက်မှ နိုဝင်ဘာလ ၂၃ ရက်တွင် တွေ့ဆုံရန် ဖိတ်ကြားထားသော်လည်း ဗဟိုကော်မတီသို့တင်ပြ၍ SSPP/SSA ကော်မတီဖွဲ့ရန် လိုအပ်သဖြင့် အစိုးရသတ်မှတ်သည့်နေ့ တွေ့ဆုံနိုင်၊ မတွေ့ဆုံနိုင် မသိနိုင်သေးကြောင်း သူက ပြောသည်။

တိုက်ပွဲဖြစ်ပွားလာမှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် SSPP/SSA ဘက်မှ UPWC ဥက္ကဌ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် တာဝန်ရှိသူများထံသို့ အကြိမ်ကြိမ် စာရေးတင်ပြခဲ့သော်လည်း မည်သို့ အကြောင်းပြန်ခြင်း မရှိဘဲ ယနေ့ တွင် တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်ည်။ သို့သော် တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းခြင်း မရှိဘဲ ထပ်မံ တွေ့ဆုံရန်သာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

SSPP/SSA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းနောက်ပိုင်း အစိုးရစစ်တပ်က SSPP/SSA ဌာနချုပ် ဝမ်ဟိုင်း၊ မိုင်းနောင်၊ ကျေးသီးစသည့် မြို့နယ်များသို့ ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ စတင် အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ထိ တစ်လကျော်ကြာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၅ ရက်ကလည်း ဝမ်ဟိုင်းဌာနချုပ်အနီးရှိ တာဆမ်ပူးကူးတို့ဆိပ် စခန်းကို SSPP/SSA က ဆုတ်ခွာပေးခဲ့သည်။ တိုက်ပွဲများကြောင်း စစ်ပြေးဒုက္ခသည်ပေါင်း ၇၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly