နွေရာသီမှာ ‘အရမ်းဆိုးရွားတဲ့ အချိန်တွေ’ရှိခဲ့တယ်လို့ မက်ဆီ ပြော

နွေရာသီမှာ ‘အရမ်းဆိုးရွားတဲ့ အချိန်တွေ’ရှိခဲ့တယ်လို့ မက်ဆီ ပြော
Photo: EPA

လီယွန်နယ် မက်ဆီက နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ သူ့ရဲ့ မအောင်မြင်တဲ့ ကြိုးပမ်းမှုဟာ ယခုရာသီ သူ့ရဲ့ ပုံစံကို ထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။ 

အာဂျင်တီးနားတိုက်စစ်မှူးက သူ့ရဲ့စာချုပ်ပါ အချက်အတိုင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ သူကို ပြောင်းခွင့်ပေးဖို့ သြဂုတ်လက ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် ဘာစီလိုနာက ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ယူရိုသန်း ၇၀၀ တန် လျော်ကြေးစာချုပ်နဲ့ ကိုက်ညီဖို့ လိုတယ်လို့ ပြောပါတယ်။ 

"ကျနော်ဟာ အရာအားလုံးကို ရာသီအစပိုင်းလောက်ထဲ ဆွဲယူနေခဲ့တာပါ။"လို့ မက်ဆီက စပိန်ရုပ်သံလိုင်း La Sexta ကို ပြောကြားခဲ့ပါတယ်။ 

"အမှန်တရားကတော့ အခုအချိန်မှာ ကျနော် အဆင်ပြေနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် နွေရာသီမှာ ကျနော် အရမ်းဆိုးရွားတဲ့ အချိန်တွေရှိခဲ့ပါတယ်။" 

မက်ဆီဟာ စနေနေ့က ဗလင်စီယာနဲ့ သရေကျတဲ့ပွဲမှာ ဘာစီလိုနာအတွက် ဂိုးသွင်းယူခဲ့တာကြောင့် ဘရာဇီးဂန္တဝင်ကစားသမားကြီး ပီလီရဲ့ ကလပ်အသင်း တစ်သင်းတည်းအတွက် ၆၄၃ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။ 

ဒါဟာ လာလီဂါမှာ အဆင့် ၅ မှာရပ်တည်နေတဲ့ ဘာစီလိုနာအတွက် ယခုရာသီ ၁၇ ပွဲကစားရာမှာ မက်ဆီရဲ့ ၉ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ 

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကနေ ထွက်ခွာနိုင်ခွင့်ရှိတဲ့ မက်ဆီဟာ ဇန်နဝါရီ ၁ ရက်ကနေစလို့ တခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။ 

ဘာတိုမူဟာ အောက်တိုဘာလက ရာထူးက နောက်ထွက်ပြီးနောက် ဇန်နဝါရီမှာ ပြုလုပ်မယ့် ဥက္ကဋ္ဌရွေးကောက်ပွဲအထိ တာဝန်ယူထားတဲ့့ ဘာစီလိုနာယာယီဥက္ကဋ္ဌ ကာလို့စ် တူးစကွက်စ်က "စီးပွားရေးအရ ပြောရရင်" မက်ဆီကို နွေရာသီမှာ ရောင်းချခဲ့သင့်တယ်လို့ ပြောပါတယ်။ 

ဘာစီလိုနာရဲ့ ကစားသမားတွေအနေနဲ့ နိုဝင်ဘာလမှာ လစာလျော့ယူဖို့ သဘောတူခဲ့တာကြောင့် လာလီဂါချန်ပီယံဆု ၂၆ ကြိမ် အသင်းကို ယူရို ၁၂၂ သန်း (ပေါင်သန်း ၁၁၀) သက်သာစေမှာဖြစ်ပါတယ်။ 

"အခုအချိန်မှာ ကျနော် အဆင်ပြေနေပြီး ကျနော်တို့ ရှေ့လာမယ့် ပြိုင်ပွဲတိုင်းအတွက် တိုက်ပွဲဝင်ဖို့ မျှော်လင့်ပါတယ်။"လို့ မက်ဆီက ပြောပါတယ်။ 

"ကလပ်အသင်းဟာ အဖွဲ့အစည်းဆိုင်ရာ အဆင့်မှာရော ကွင်းတွင်းကွင်းပြင်မှာပါ ခက်ခဲတဲ့ အခိုက်အတန့်လေးတစ်ခုရှိနေတယ်ဆိုတာ ကျနော် သိပါတယ်။ ဘာကာရဲ့ ပတ်ဝန်းကျင်မှာ ရှိသမျှ အရာအားလုံးက အခုအချိန် ခက်ခဲလာတယ်။ ဒါပေမယ့် ကျနော့်စိတ်တွေ လှုပ်ရှားနေပါတယ်။" 

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly