လွှတ်တော်အမတ်တို့ကို ကတိပေးထားသည့် လုပ်ငန်းတစ်ချို့ အစိုးရ ဖျက်သိမ်း

လွှတ်တော်အမတ်တို့ကို ကတိပေးထားသည့် လုပ်ငန်းတစ်ချို့ အစိုးရ ဖျက်သိမ်း

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ။             ။ လုပ်ဆောင်ပေးပါမည်ဟု အစိုးရက လွှတ်တော်တွင် ကတိကဝတ်ပြုထားပြီးသား လုပ်ငန်းများကို ပယ်ဖျက်ရန် တင်ပြလာသည့် အစီရင်ခံစာတစ်စာင်ကို နိုဝင်ဘာ ၂၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

လွှတ်တော်အမတ်တို့ မေးမြန်းအဆိုပြုချက်များအား လုပ်ဆောင်ပေးမည်ဟု အစိုးရက ကတိပေးထားသော လုပ်ငန်းပေါင်း အနည်းဆုံး ၈၄ခုအား ပယ်ဖျက်သင့်သည်ဟူသည့် အစီရင်ခံမှုကို လွှတ်တော်အမတ် တစ်ချို့ ကန့်ကွက်သည့်ကြားကပင် မဲခွဲဆုံးဖြတ်ချက်အရ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာအား ကန့်ကွက်ဆွေးနွေးခဲ့သည့် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက “ပြည်သူ့ကိုယ်စားလှယ်များရဲ့ လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များကို အစိုးရက ရိုက်ချိုးသကဲ့သို့ ဖြစ်နေပါတယ်” ဟု ဝေဖန်သည်။

အဆိုပါ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက နိုဝင်ဘာ ၁၇ရက် လွှတ်တော်အစည်းအဝေးတွင် တင်ပြလာခြင်း ဖြစ်သည်။

သို့သော် ကော်မတီအနေဖြင့် အစိုးရဝန်ကြီးဌာနများက ညှိနှိုင်းလာသော ပယ်ဖျက်ပေးရန် လုပ်ငန်းများ၏ မေးခွန်းနှင့် အဆိုပိုင်ရှင် လွှတ်တော်အမတ်များကို လုံးဝ အသိပေးခဲ့ခြင်းမရှိဟု ဒေါ်နန်းဝါနုက ဆိုသည်။

ပယ်ဖျက်ရန် လုပ်ငန်းများတွင် အစိုးရက လုပ်ဆောင်ပေးမည်ဟု ကတိပေးထားသော ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့အနီး ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းလည်း ပါဝင်နေသည်ဟု ဒေါ်နန်းဝါနုက သူ၏ မဲဆန္ဒနယ်မှ ပယ်ဖျက်ခံရသည့် လုပ်ငန်းတစ်ခုကို ဥပမာပေးကာ လွှတ်တော်တွင် ပြောသည်။

“ကျွန်မနည်းတူ ကိုယ်စားလှယ်အများအပြားမှာလည်း ကတိဖြစ်မေးခွန်း၊ အဆိုများ ပယ်ဖျက်ခံရကြောင်း စိတ်မကောင်းဖွယ် လေ့လာတွေ့ရှိခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

အစီရင်ခံစာပါ ကော်မတီ၏ တင်ပြချက်တွင်မူ “ကတိဖြစ်ထားသော ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ၊ အတည်ပြု အဆိုများအနက် လက်ရှိလွှတ်တော်သက်တမ်းတွင် ပြီးစီးနိုင်ခြင်းမရှိသည့် လုပ်ငန်းများသည် ဘဏ္ဍာငွေခွဲဝေပေးမှု မရရှိခဲ့ခြင်း၊ လုပ်ငန်းသဘောသဘာဝအရ နှစ်ရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ခြင်း၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်း တစ်ခုတည်းဖြင့် ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခြင်းတို့ကြောင့် ကတိစာရင်းမှ ပယ်ဖျက်ပေးရန်” ဟူ၍ အကြောင်းပြချက် ပေးထားသည်။

အဆိုပါ အစီရင်ခံစာအပေါ် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကလည်း “လွှတ်တော်ထဲမှာ အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး ရယူခဲ့တဲ့ ကတိတွေဟာ စာတစ်မျက်နှာခွဲသာရှိတဲ့ ကော်မတီရဲ့ အစီရင်စံစာနဲ့ အဖျက်ဆီးခံလိုက်ရပါတယ်” ဟု ဝေဖန်ပြောဆိုသည်။

အစိုးရတစ်ရပ်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်အပေါ် အကောင်အထည်ဖော်ပေးမည်ဟု ကတိပြုပြီးသား လုပ်ငန်းများကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပေးသင့်သည်ဟု ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခမိုင်မုန်ကွမ်က ပြောသည်။

ထိုသို့ လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့သော်လည်း လုပ်ထုံး၊ လုပ်နည်းအရ အစီရင်ခံစာအပေါ် မဲခွဲဆုံးဖြတ်ရန် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ဆုံးဖြတ်လိုက်ပြီး မဲခွဲရာတွင် အစီရင်ခံစာကို ထောက်ခံသည့်အမတ်ဦးရေ များသည့်အတွက် အစိုးရ၏ ကတိများကို ပယ်ဖျက်သည့် အစီရင်ခံစာမှာ အတည်ဖြစ်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly