ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားရန် လှုံ့ဆော်ပေးခဲ့သည့် MERINက တွေ့ရှိချက်များ၊ အားနည်းချက်များ ချပြ

ရွေးကောက်ပွဲကို ပြည်သူစိတ်ဝင်စားရန် လှုံ့ဆော်ပေးခဲ့သည့် MERINက တွေ့ရှိချက်များ၊ အားနည်းချက်များ ချပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၀။              ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ပြည်သူများ စိတ်ဝင်စားမှုရှိစေရန် လှုပ်ရှားခဲ့သည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် (MERIN)က ရွေးကောက်ပွဲတွင် ကြုံတွေ့ရသည့် အခြေအနေများကို နိုဝင်ဘာ ၂၀ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ချပြခဲ့သည်။

မဲစာရင်းများ မှားယွင်းမှုနှင့် ပက်သက်ပြီး "အခုမဲစာရင်းမှားတယ်ဆိုတဲ့နေရာမှာ ဆော့ဖ်ဝဲပိုင်းလည်းဖြစ်နိုင်ပါတယ်။ အပေါ်ကနေ မှားတာမဟုတ်ဘဲနဲ့ မြို့နယ်ကနေရေးတင်တဲ့ မြန်မာတူးဖောင့်က ကျွန်တော်တို့အတွက် နည်းနည်းလေးခက်တယ်ဗျ။ သိမ်းတဲ့အခါကျရင် ဒေတာတွေပြောင်းပြောင်းသွားတာ ကျွန်တော်တို့မျက်မြင်၊ ကျွန်တော်တို့ရှေ့မှာတင် ဖြစ်ပါတယ်။ တိုင်းရင်းသားနာမည်တွေက ပေါင်းရတာအရမ်းခက်တော့ အဲ့ဒါတွေမှာ မှားတာများတယ်။ အဲဒါတွေမမှားဖို့ို့ မြန်မာစာ ဒါမှမဟုတ် အင်္ဂလိပ်စာ တစ်ခုခုကို သတ်မှတ်ပြီးကုဒ်လုပ်ပြီးမှ စာရင်းသွင်းမယ်ဆိုရင်တော့ မှားစရာသိပ်မရှိပါဘူး" ဟု မြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် (MERIN) မှ ဒါရိုက်တာ ဦးကပ်နိုးက မဇ္ဈိမသို့ပြောသည်။

MERIN သည် ရွေးကောက်ပွဲကို ပြည်သူလူထု စိတ်ဝင်စားမှုရှိစေရန် ပိုစတာများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မဲပေးရာတွင် ပယ်မဲမဖြစ်စေရေး ကြိုတင်လေ့ကျင့်နိုင်စေရန် မဲလက်မှတ် နမူနာများ၊ တံဆိပ်တုန်း နမူနာများ၊ ထုတ်လုပ်ဖြန့်ဝေခဲ့ပြီး ရွေးကောက်ပွဲနှင့်ပက်သက်၍ သိသင့်သည်များကို တိုင်းရင်းသားဘာသာစကားနှင့် ဘာသာပြန်ဆို၍ တိုင်းရင်းသားဒေသများကို အရောက်ပို့ကာ လက်တွေ့အကောင်အထည်ဖေါ်ပေးမည့် အရပ်ဖက်အဖွဲ့အစည်း(၁၀၀)ကျော်ဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ယခုထက်ပို၍ ချောမွေ့စေရေး နိုင်ငံတကာမှ ကောင်းမွန်သည့် အချက်များအား ရယူပြီး ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်း၍ ပိုမိုကောင်းမွန်သော ကျင့်ဝတ်များ၊ ဥပဒေများထွက်လာစေရေး၊ စောင့်ကြည့်လေ့လာသူများယခုထက် ပိုမိုအဆင်ပြေစေရန် နိုင်ငံတကာရွေးကောက်ပွဲများအား ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် (MERIN) သည် ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံရွေးကောက်ပွဲအရေး စိတ်ပါဝင်စားသူများအတွက် လွတ်လပ်ပြီး ဘက်မလိုက်သော နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူရယူအသုံးပြုနိုင်စေရန် ရည်ရွယ်တည်ထောင်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly